မန်ချက်စတာယူနိုက်တက်အသင်းမှာ (၅)နှစ်တာကြာမြင့်တဲ့အထိကို ပါဝင်ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် နွေစျေးကွက်အတွင်းမှာပဲ ပြင်သစ်လီဂူး ကလပ်အသင်းကြီးတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့ရတဲဲ့ စပိန်ကွင်းလယ်ကစားသမား အန်ဒါဟာရဲရားက သူ့အနေနဲ့ ယူနိုက်တက်အသင်းနဲ့ လမ်းခွဲဖို့ကို လုံးဝစိတ်ကူးမရှိခဲ့ပဲ အသင်းရဲ့ဘုတ်အဖွဲ့ဝင်တွေကြောင့်သာ သူရဲ့ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့ရတာဖြစ်ပြီး ယူနိုက်တက်နဲ့ သက်တမ်းမတိုးတော့ပဲ Free Agent ပုံစံနဲ့ ထွက်ခွာခဲ့ရတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Telegraph

အသ်က်(၃၀)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား ဟာရဲရားဟာ ၂၀၁၄ခုနှစ်ကမှ ဘီလ်ဘာအိုကနေ ယူနိုက်တက်ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၅)နှစ်တာကာလအတွင်း ယူရိုပါလိဂ် အက်အေဖလားနဲ့ လိဂ်ဖလားတွေကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ယူနိုက်တက်အတွက် တကယ့်ကို အကျိုးပြုတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း ဟာရဲရားဟာ အသင်းနဲ့ သက်တမ်းတိုးဖို့ကို ငြင်းဆန်ခဲ့ကာ ပီအက်စ်ဂျီဆီကိုပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့ပါတယ်။ ဒီလို အသင်းပြောင်းခဲ့တာနဲ့ပတ်သက်ပြီး “ပြီးခဲ့တဲ့ တစ်နှစ်လောက်ကို ပြန်တွေးကြည့်မယ်ဆို ကျွန်တော့်ရဲ့ရည်ရွယ်ချက်တွေထဲမှာ ယူနိုက်တက်ကို စွန့်ခွာဖို့ဆိုတာ မပါဝင်ခဲ့ဘူး”

Photo Credit : Daily Express

“ကျွန်တော်က ဘုတ်အဖွဲ့ဝင်တွေနဲ့ ကွဲပြားခြားနားအမြင်ရှိခဲ့တယ်ဆိုပေမယ့်လည်း သူတို့ကိုတော့ ကျွန်တော်လေးစားပါတယ်။ အများကြီးကို လေးစားတာပါ။ သူတို့က ယူနိုက်တက်အသင်းအတွက်လည်း တကယ်ကို အလုပ်လုပ်ပေးခဲ့သူတွေပါ။ သူတို့ကို အလုပ်မလုပ်ဘူးလို့ ပြောတဲ့သူတွေရဲ့ စကားတွေကိုလည်း ကျွန်တော်လက်မခံနိုင်ပါဘူး။ အသင်းက အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရချိန်ဆို သူတို့အတွက်လည်း ခက်ခဲခဲ့ရသလို အရင်လို အောင်မြင်မှုမျိုး ပြန်ယူနိုင်ဖို့ကိုလည်း တိုက်ပွဲဝင်နေခဲဲ့တာပါ။ ဒါတွေကို တချို့လူတွေက နားမလည်ပဲ ဝေဖန်နေတာမျိုးကို ကျွန်တော်လက်မခံပါဘူး။ ဒါက ဘောလုံးလောကမှာ ဖြစ်လေ့ဖြစ်ထရှိတာပဲလေ။ ကျွန်တော်က အမှုဆောင်ချုပ်နဲ့ရော အသင်းပိုင်ရှင်တွေနဲ့ပါ ဆက်ဆံရေးကောင်းတွေရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ ကျွန်တော့်ဘက်ကနေ ဘာမှ စောဒကမတတ်လိုပါဘူး” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ လက်ရှိမှာတော့ ဟာရဲရားဟာ ပီအက်စ်ဂျီအသင်းနဲဲ့ လီဂူးဖလားကို ပိုင်ဆိုင်ထားလို့ သူရဲ့ကစားသမားဘဝအတွင်း ပထမဆုံးသော အမှတ်ပေးဖလားကို စတင်ရယူနိုင်ခဲ့ရပါတယ်။