ဒီနှစ် နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ထိပ်တန်းကစားသမားများစွာကို ခေါ်ယူအားဖြည့်လို့ထားတဲ့ လီဂူထိပ်တန်း ကလပ်အသင်း ပီအက်စ်ဂျီဟာ ခံစစ်ပိုင်းကို ထပ်မံအင်အားဖြည့်တင်းသွားဖို့အတွက် နာပိုလီအသင်းရဲ့ နောက်ခံကစားသမား ကူလီဘလီကို ခေါ်ယူသွားဖို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၃၀)အရွှယ်ရှိ ဆီနီဂေါလက်ရွေးစင် နောက်ခံကစားသမား ကူလီဘလီဟာ နာပိုလီအသင်းရဲ့ အဓိက နောက်ခံကစားသမားတစ်ယောက် ဖြစ်ပေမယ့် ဒီနွေစျေးကွက်အတွင်းမှာပဲ နာပိုလီဘက်ကနေ ကူလီဘလီကို ရောင်းချသွားဖို့ အစီအစဉ် ရှိနေတာကြောင့် ဒီကစားသမားကို အဲဗာတန်အသင်းကနေ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့အပြင် ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဒါပေမယ့် အဲဗာတန်အသင်းက ကူလီဘလီကို ခေါ်ယူဖို့အတွက် ကစားသမားရဲ့ လုပ်ခလစာကို ပေးချေဖို့ အခက်အခဲ ရှိနေပြီး ခေါ်ယူဖို့ကိုလည်း လက်လျှော့သွားဖွယ် ရှိနေတဲ့အတွက် ပီအက်စ်ဂျီအသင်းဘက်က ကူလီဘလီကို ခေါ်ယူဖို့ အခြေအနေကောင်းလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Bein Sports

လတ်တလော ထွက်ပေါ်လို့နေတဲ့ သတင်းတွေအရ ပီအက်စ်ဂျီအသင်းရဲ့ ဒါရိုက်တာ လီယိုနာဒိုနဲ့ ကူလီဘလီရဲ့ အေးဂျင့်ဖြစ်သူ ရာမာဒါနီတို့ဟာ ကူလီဘလီရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်လျက်ရှိနေတဲ့အပြင် ကစားသမားဘက်ကလည်း အသင်းပြောင်းဖို့ ဆန္ဒရှိနေတဲ့အတွက် ပီအက်စ်ဂျီအသင်းနဲ့ Personal Agreed ရရှိဖို့ပါ နီးစပ်လာနေပြီလို့ သိရှိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒီနွေစျေးကွက်အတွင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်အပါအဝင် ယူရိုချန်ပီယံ အီတလီအသင်း ဂိုးသမား ဒွန်နာရမ်မာနဲ့ နယ်သာလန် ဝါရင့်ကွင်းလယ်လူ ဝိုင်နယ်ဒန်တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့သလို မော်ရိုကို လူငယ်နောက်ခံအစွန်လူ ဟာကီမီကိုလည်း အင်တာမီလန်အသင်းကနေ ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူထားပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီဟာ အသင်းရဲ့နောက်ခံလူ ကင်ပမ်ဘေက အသင်းကနေ ထွက်ခွာသွားဖို့ အစီအစဉ် ရှိနေတာကြောင့် ဒီကစားသမားရဲ့နေရာမှာ ကူလီဘလီနဲ့ ပြန်လည်အစားထိုးချင်နေသလို ခံစစ်ပိုင်း အတောင့်တင်းဆုံး ဖြစ်နေဖို့အတွက် ကူလီဘလီလို အတွေ့အကြုံရှိ နောက်ခံလူမျိုးကို အလိုရှိနေတာ ဖြစ်ပါတယ်။