ပီအက်စ်ဂျီအသင်းကတော့ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ဘာစီလိုနာအသင်းကို စိတ်အနှောင့်အယှက် အပေးနိုင်ဆုံး အသင်းတစ်သင်းအဖြစ် သတ်မှတ်ရမလို့တောင် ဖြစ်လာခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာစီလိုနာအသင်းဆီ ရောက်ရှိဖွယ်ရှိနေတဲ့ နယ်သာလန််ကွင်းလယ်ကစားသမား ဝိုင်နယ်ဒမ်းကို မက်လောက်စရာ လစာတစ်ရပ်နဲ့ ကြားဖြတ်ကမ်းလှမ်းထားခဲ့တဲ့အပြင် ဘာစီလိုနာအသင်းဘက်ကနေ အသင်းမှာ ဆက်ထိန်းသွားချင်နေတဲ့ တောင်ပံကစားသမား ဒမ်ဘီလီကိုပါ ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

Photo Credit : Everything Barca

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီကို ယခင်စျေးကွက်တွေအတွင်းကတည်းက စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ကစားသမားရဲ့ လက်ရှိစာချုပ်သက်တမ်းကလည်း တစ်နှစ်ပဲ ကျန်ရှိနေတော့တာဖြစ်လို့ ဘာစီလိုနာအသင်းနဲ့ ဒမ်ဘီလီတို့ စာချုပ်သက်တမ်း မတိုးမီ ကမ်းလှမ်းမှုတွေကို လုပ်ဆောင်သွားဖို့ ပီအက်စ်ဂျီဘက်က ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကလည်း ဒမ်ဘီလီကိုသာ သက်တမ်းမတိုးနိုင်ခဲ့ဘူးဆိုရင် လာမယ့်နှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရတော့မှာဖြစ်လို့ သက်တမ်းတိုးဖို့ မအောင်မြင်ဘူးဆိုပါက ဒီနှစ်နွေစျေးကွက်မှာပဲ အသင်းကနေ ရောင်းချရတော့မှာဖြစ်ပါတယ်။

Photo Credit : Goal

ဒီလိုအခြေအနေမျိုး ရှိနေရတဲ့ ဒမ်ဘီလီကို ပီအက်စ်ဂျီအသင်းဘက်ကနေ စောင့်ကြည့်လျက်ရှိနေတဲ့ Cut-price စျေးနှုန်းမျိုးနဲ့ပါ ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒီနောက်ပိုင်းမှာ ဘာစီလိုနာအသင်းရဲ့ ပစ်မှတ်ကစားသမားတွေကို အပြိုင်ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ဘာစီလိုနာရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ လီယွန်နယ်မက်ဆီ အူစမန်ဒမ်ဘီလီတို့ကိုလည်း ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့သလို ဘာစီလိုနာဘက်က ပြန်လည်အလိုရှိနေတဲ့ နေမာကိုလည်း အသင်းကနေ ထွက်ခွာလို့မရအောင် စာချုပ်သက်တမ်းပါ တိုးမြှင့်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားလေး ဒမ်ဘီလီကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်နေပေမယ့် ကိုဗစ်ဂယက်ကြောင့် ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအနေနဲ့ ဒမ်ဘီလီကို ရောင်းချလိုက်ခြင်းက အသင်းရဲ့ ဘဏ္ဍာရေးပြသာနာကို ဖြေရှင်းလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ဒမ်ဘီလီကို ပီအက်စ်ဂျီအသင်းအပြင် မန်ချက်စတာယူနိုက်တက်လည်း ပစ်မှတ်ထားနေပြီး ဆန်ချိုကိုသာ ထပ်မံမခေါ်ယူနိုင်ခဲ့ရင် ဒမ်ဘီလီကို ကမ်းလှမ်းဖွယ် ရှိနေပါတယ်။