ပီအက်စ်ဂျီအသင်းကတော့ သူတို့ရဲ့ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ပြင်သစ်လူငယ်တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေကို ရီးရဲလ်မက်ဒရစ် ဘာစီလိုနာနဲ့ လီဗာပူးလ်တို့လို အသင်းတွေဆီ ရောက်ရှိမသွားပဲ အသင်းမှာပဲ ကာလရှည်ကြာ ဆက်လက်ရှိနေနိုင်ဖို့အတွက် စာချုပ်သစ်ကိစ္စတွေကို အသေအချာ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ လီယိုနာဒိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

အသက်(၂၁)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၂ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတယ်ဆိုပေမယ့်လည်း သူ့ကို ဥရောပထိပ်သီးအသင်းတွေကနေ စိတ်ဝင်စားနေကြသလို ရီးရဲလ်မက်ဒရစ်အသင်းဆိုရင်လည်း အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်လို့ သူ့လို အရည်အသွေးမြင့် ကစားသမားမျိုးကို မဆုံးရှုံးစေရဖို့အတွက် နှစ်ရှည်စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုချင်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘာပေနဲ့ ပီအက်စ်ဂျီအသင်းတို့ကြားမှာ စာချုပ်သစ်ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိနေကြောင်း လီယိုနာဒိုက အသိပေးထုတ်ပြန်သွားခဲ့ပါတယ်။

Photo Credit : Goal

 

လီယိုနာဒိုက “ကျွန်တော်တို့တွေ စကားပြောနေကြတုန်းပါပဲ။ ကျွန်တော်တို့ကလည်း ဆွေးနွေးချင်တယ်။ သူကလည်း ဆွေးနွေးချင်တယ်။ အခုက သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ ရှင်းလင်းတိကျတဲ့ အတွေးအမြင်တွေကို မြင်တွေ့ရတော့မယ့် အချိန်တစ်ခုဖြစ်ပါတယ်။ ဆွေးနွေးပြောဆိုမှုတွေဟာလည်း တိုးတတ်ကောင်းမွန်းနေပါတယ်။ ဆက်ပြီးတော့လည်း ဆွေးနွေးမှုတွေကို ဒီရက်ပိုင်းအတွင်းမှာ ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဘာပေဟာ ၂၀၁ရခုနှစ်ကမှ မိုနာကိုအသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အငှားစာချုပ်ပြည့်ချိန်မှာ ယူရို(၁၄၅)သန်း+အပိုဆုကြေး ယူရို(၃၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ လီဂူးဖလား(၃)ကြိမ် ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဒုတိယဆုကို ပိုင်ဆိုင်ခဲ့ပါသေးတယ်။ လက်ရှိမှာလည်း ဘရာဇီးတိုက်စစ်ကစားသမား နေမာနဲ့တွဲဖက်ပြီး အသင်းရဲ့တိုက်စစ်မှာ ခြေစွမ်းပြလို့နေတဲ့ ဘာပေဟာ ရာသီအကုန်မှာ ပီအက်စ်ဂျီနဲ့လမ်းခွဲပြီး ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားမယ်လို့ ကောလဟာလသတင်းတွေ ထွက်ပေါ်လို့နေတာကြောင့် အခုလို ပီအက်စ်ဂျီဘက်ကနေ ဘာပေရဲ့စာချုပ်သက်တမ်းကို ထပ်တိုးချင်နေတာဖြစ်ပြီး စာချုပ်လျော်ကြေးတွေပါ ထည့်သွင်းလာဖွယ် ရှိနေပါတယ်။