ပီအက်စ်ဂျီအသင်းဟာ သူတို့ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ နေမာကို စာချုပ်သက်တမ်း တိုးနိုင်ခဲ့ပြီးတဲ့နောက်မှာ နေမာရဲ့အသင်းဖော် ကြယ်ပွင့်ကစားသမားလေး ကီလီယန်အမ်ဘာပေကိုပါ သက်တမ်းတိုးနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အခုအချိန်အထိကတော့ အခြေအနေကောင်းလာမယ့် အနေအထားမျိုး မတွေ့ရသေးတာကြောင့် ဘာပေသာ စာချုပ်သစ်ကို ငြင်းဆန်ခဲ့မယ်ဆိုရင် သူရဲ့နေရာမှာ မိုဟာမက်ဆာလာနဲ့ အစားထိုးသွားဖို့ ချိန်ရွှယ်နေတယ်လို့ သိရပါတယ်။

Photo Credit : Sky Sport

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ ပီအက်စ်ဂျီအသင်းရဲ့ အရေးပါလှတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို ဒီနှစ်ဘောလုံးရာသီမှာလည်း အသင်းအတွက် သွင်းဂိုးအများဆုံး သွင်းယူထားနိုင်သူလည်း ဖြစ်ပါတယ်။ ဒီလို အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ကို ပီအက်စ်ဂျီဘက်ကနေ အသင်းမှာ ကာလရှည်ကြာ ဆက်လက်ထိန်းသိမ်းထားချင်ပေမယ့် ၂၀၂၂ခုနှစ်မှာ အသင်းနဲ့ သက်တမ်းကုန်ဆုံးတော့မယ့် ဘာပေကတော့ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ရေရေရာရာ မဆုံးဖြတ်ရသေးတာကြောင့် စာချုပ်သစ်ကိစ္စက ကြန့်ကြာနေရပါတယ်။

Photo Credit : Goal

ဒီအချိန် ဘာပေကို ရီးယဲလ်မက်ဒရစ်အသင်းဘက်ကနေ အဓိကပစ်မှတ်ထားလို့နေပြီး ဘာပေကိုယ်တိုင်ကလည်း သူရဲ့ Idol ကြီး ဇီဒန်းရဲ့လက်အောက်မှာ ပါဝင်ကစားဖို့ စိတ်ဝင်စားနေတဲ့အတွက် တကယ်လို့ ဘာပေသာ အသင်းနဲ့ လက်တွဲဖြုတ်ခဲ့မယ်ဆိုရင် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် လီဗာပူးလ်အသင်းရဲ့ အီဂျစ်ကြယ်ပွင့် ဆာလာကို ပီအက်စ်ဂျီဘက်ကနေ ပစ်မှတ်ထားနေရတာဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို ရရှိပိုင်ဆိုင်နိုင်ဖို့ အခြေအနေကောင်းနေတဲ့ လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟာ အသင်းနဲ့ အဆင်ပြေနေပေမယ့်လည်း တကယ်လို့ လီဗာပူးလ်ဘက်က ဒီရာသီမှာ အဆင့်(၄)အတွင်း မဝင်နိုင်ပဲ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရမယ်ဆိုရင် ဆာလာဘက်ကပါ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားလာနိုင်တာဖြစ်လို့ ပီအက်စ်ဂျီဘက်ကနေ ဒီအခြေအနေကို စောင့်ကြည့်နေတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကလည်း ဆာလာကိုသာ လက်လွတ်လိုက်ရမယ်ဆိုရင် ဒေါ့မွန်က အင်္ဂလန်ကြယ်ပွင့် ဂျေဒန်ဆန်ချိုနဲ့ ပြန်လည်အစားထိုးသွားဖို့ အစီအစဉ်ရှိလို့နေပေမယ့် ဆာလာကို အသင်းမှာ ဆက်ရှိနေနိုင်အောင်ပဲ အဓိကထား ကြိုးစားသွားနိုင်ပါတယ်။