ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ အဲဗာတန်အသင်းရဲ့ အီတလီ လူငယ် တိုက်စစ်မှူး မွိုက်ဆီကိန်းဟာ ပြင်သစ်အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းထံကို အငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ အတွက် သဘော တူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရှိ ရပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ လူငယ် တိုက်စစ်မှူး ကိန်းဟာ ဂျူဗင်တပ်အသင်းနဲ့ အတူ စတင် တောက်ပလာခဲ့တဲ့ လူငယ် တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး ဂျူဗင်တပ်အသင်း ကနေ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ အချိန်မှာ ကောင်းမွန်တဲ့ ခြေစွမ်းတွေ ပြသနိုင်မယ်လို့ ထင်ကြေးပေးခံခဲ့ ရပေမယ့် တကယ်တမ်းမှာတော့ ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ ရုန်းကန်ခဲ့ရသူပါ။

Photo Credit: Sky Sports

မွိုက်ဆီကိန်းဟာ အဲဗာတန်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၇.၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ တစ်ဦးဖြစ်ပေမယ့် အဲဗာတန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၃ရပွဲသာ ကစားပေးနိုင်ခဲ့သလို သွင်းဂိုး ၄ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ်သာ ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဗာတန််အသင်းဟာ သူ့ကို လက်ရှိ စျေးကွက်အတွင်းမှာ အပြီးသတ် ရောင်းချဖို့ စီစဉ်ခဲ့ပေမယ့် ဝယ်ချင်တဲ့ အသင်းမရှိတာကြောင့် တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်း က ကမ်းလှမ်းလာခဲ့တဲ့ အချိန်မှာတော့ ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာ ဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

Photo Credit: Sky Sports

ပီအက်စ်ဂျီအသင်းဟာ လက်ရှိ စျေးကွက်အတွင်းမှာ ကာဗာနီနဲ့ ချူပိုမော်တင်တို့ နှစ်ဦးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ ်ထားရတာကြောင့် အရန် တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး လက်ရှိမှာတော့ မွိုက်ဆီကိန်းကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားကာ အဲဗာတန် အသင်းကလည်း ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ကြောင်း သိရပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်သူ Fabrizio Romano ကလည်း အဆိုပါ သတင်းတွေအပေါ် အတည်ပြု ပေးထားပြီး အဲဗာတန်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့သလို မွိုက်ဆီကိန်းကလည်း ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီးပြီ ဖြစ်ကြောင်း Romano က ဆိုပါတယ်။ မွိုက်ဆီကိန်း တစ်ယောက် ပီအက်စ်ဂျီ အသင်းမှာ အကောင်းဆုံး ခြေစွမ်းတွေ ရရှိနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပါ။