စီးရီးအေကလပ်အသင်းတွေဖြစ်တဲ့ ဂျီနိုအာ အေစီမီလန်နဲ့ ရိုးမားအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ အီတလီတိုက်စစ်ကစားသမား အယ်ရှာရာဝီဟာ လက်ရှိအချိန်မှာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းရဲ့ကစားသမားတစ်ယောက် ဖြစ်နေပေမယ့်လည်း ဒီနှစ်အတွင်းမှာပဲ တရုတ်ကနေ ပြန်လည်ထွက်ခွာသွားဖို့ အစီအစဉ်ရှိနေတဲ့အတွက် သူ့ကို ဥရောပထိပ်သီး ကလပ်အသင်းတွေကနေ ခေါ်ယူသွားဖို့ အပြိုင်အဆိုင် ပစ်မှတ်ထားလျက်ရှိနေတယ်လို့ Telefoot ကနေ ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Sport

အသက်(၂၇)နှစ်အရွှယ်ရှိ အီတလီတောင်ပံတိုက်စစ်ကစားသမား အယ်ရှာရာဝီဟာ ၂၀၀၈ခုနှစ်ကနေစတင်ပြီး အီတလီမြေမှာ ကျင်လည်ခဲ့ပြီးနောက် ၂၀၁၉ခုနှစ်မှာပဲ တရုတ်စူပါလိဂ်ပြိုင်ပွဲဆီ ယူရို(၁၆)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ကာ အသင်းနဲ့ တစ်ရာသီဖြတ်သန်းပြီးနောက် တရုတ်ကနေ ပြန်လည်ထွက်ခွာဖို့ စဉ်းစားလာခဲ့တာဖြစ်ပါတယ်။ အယ်ရှာရာဝီဟာ ရိုးမားအသင်းမှာ ခြေစွမ်းတွေ ပြသခဲ့သူတစ်ယောက်ဖြစ်ပြီး အခုလက်ရှိမှာ သူ့ကို အသင်းဟောင်းရိုးမားအပြင် အသက်လက်တီကိုမက်ဒရစ် ပီအက်စ်ဂျီ ဂျုဗင်တပ်စ်အသင်းတို့ကပါ ခေါ်ယူသွားဖို့အတွက် ပစ်မှတ်ထားလို့နေပါတယ်။

Photo Credit : BBC

အီတလီ-အီဂျစ်နွယ်ဖွား တိုက်စစ်ကစားသမား အယ်ရှာရာဝီဟာ အသက်(၁၄)နှစ်သားအရွှယ်ကတည်းက ဂျီနိုအာအသင်းမှာ ပါဝင်ကစားခဲ့သူဖြစ်ပြီး ၂၀၁၁ခုနှစ်မှာ အေစီမီလန်အသင်းကို ရောက်ရှိလာခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီကတော့ အယ်ရှာရာဝီရဲ့ကစားသမားဘဝအတွင်း အတောက်ပခဲ့ဆုံး ဘောလုံးရာသီတစ်ခု ဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာတော့ ဒဏ်ရာပြသာနာတွေရဲ့နှိပ်စက်မှုတွေကြောင့် ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်လာခဲ့ရပြီး ခြေစွမ်းပျောက်ဆုံးလာခဲ့တာကြောင့် ရိုးမားအသင်းဆီကို ရောင်းချခံခဲ့ရပါတယ်။ အီတလီလက်ရွေးစင်အသင်းအတွက်လည်း (၂၅)ပွဲ ပါဝင်ခဲ့ဖူးတဲ့ အယ်ရှာရာဝီဟာ ၂၀၁၉ခုနှစ်မှာတော့ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှန်ဟွာကို ရောက်ရှိလာခဲ့ပြီး သူရဲ့ပွဲဦးထွက်ရာသီမှာပဲ ၂၀၁၉ တရုတ်အက်အေဖလားကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ကနေ ပြန်လည်ထွက်ခွာလိုချင်နေတဲ့ အယ်ရှာရာဝီကို ဥရောပကလပ်အသင်းတွေကနေ ခေါ်ဆောင်ချင်နေပြီး ကာဗာနီနဲ့ ချူပိုမိုတင်းတို့လို တိုက်စစ်ကစားသမားတွေနဲ့ လက်တွဲဖြုတ်လိုက်ရတဲ့ ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူချင်နေပြီး ဒီကစားသမားကို ရရှိဖို့အတွက် အသင်းရဲ့အားကစားဒါရိုက်တာ လီယိုနာဒိုကိုယ်တိုင် ကြိုးပမ်းလျက်ရှိနေပါတယ်။