ပြင်သစ် လီဂူးပြိုင်ပွဲရဲ့ ထိပ်သီး ကလပ်အသင်းကြီး ပီအက်စ်ဂျီက တော့တင်ဟမ်ဟော့ စပါးအသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူသွားနိုင်ဖို့ အသေအချာ လုပ်ဆောင်သွားဖို့ ရှိနေပြီး ဘိုင်ယန်မြူးနစ် လက်ထဲကနေ ကြားဖြတ် ခေါ်ယူနိုင်ဖို့ပါ အဆင့်သင့် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : PSG Talk

စပါးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းကို ချယ်လ်ဆီး မန်ယူနိုက်တက် နဲ့ ဘိုင်ယန်မြူးနစ်တို့က စိတ်ဝင်စားနေပြီး လက်ရှိမှာ ဘိုင်ယန်က ကိန်းကို အရ ခေါ်ယူဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေရပါတယ်။ ကိန်းအတွက် ဘိုင်ယန်ဘက်က ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားခဲ့ခြင်းကို စပါးက အကြိမ်ကြိမ် ပယ်ချထားခဲ့ပေမယ့် ကိန်းကိုယ်တိုင်ကတော့ ဆုဖလား အောင်မြင်မှုတွေနဲ့ နီးနီးစပ်စပ် ဖြစ်နေစေဖို့အတွက် ဘိုင်ယန်လို ဖလား အာမခံချက် ရှိတဲ့ အသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit : Bavarian Football Works

ဒါပေမယ့် တစ်ဖက်မှာတော့ မက်ဆီကို ဆုံးရှုံးရထားတဲ့အပြင် ဘာပေကို ထပ်မံ လက်လွတ်ရဖို့ ရှိနေတဲ့ ပီအက်စ်ဂျီအသင်းကလည်း No. 9 role အတွက် ဟာရီကိန်းလို အဆုံးသတ် သေချာတဲ့ တိုက်စစ် ကစားသမားကောင်းကို အလိုရှိနေပါတယ်။ တကယ်လို့ ပီအက်စ်ဂျီက မက်ဆီအပြင် ဘာပေကိုပါ ဆုံးရှုံးလိုက်ရမယ်ဆိုရင် ဒီကစားသမားနှစ်ဦးအတွက် ပေးချေနေရတဲ့ လစာနှုန်းထားတွေ မရှိတော့တာကြောင့် နောက်ထပ် mega signing ကြီးတွေကို ထပ်မံ လုပ်ဆောင်ဖို့ အခြေအနေကောင်းသွားမှာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

လတ်တလောမှာ တိုက်စစ်ပိုင်းအတွက် ဗလာဟိုဗစ် ဟာရီကိန်း အိုဆင်မန် ဒမ်ဘီလီတို့ကို ပစ်မှတ်ထားလို့နေပြီး ဒမ်ဘီလီက ဘာစီလိုနာမှာပဲ ဆက်ရှိနေမှာ ဖြစ်သလို အိုဆင်မန်ကလည်း လက်ရှိမှာ ယူရို သန်း (၂၀၀)အထိတောင် ဈေးခေါ်ထားတာဖြစ်လို့ ဗလာဟိုဗစ် နဲ့ ကိန်းကိုသာ ဆက်လက် ချိန်ရွယ်နေရပါတယ်။ ဗလာဟိုဗစ်က ကိန်းထက် အသက်အရွယ် ငယ်ရွယ်သေးပေမယ့် ကိန်းက ပီအက်စ်ဂျီ နည်းပြသစ် လူးဝစ် အန်နရီကေး ကြိုက်နှစ်သက်တဲ့ အထောင် တိုက်စစ်မှူးဖြစ်လို့ ကိန်းကို ဘိုင်ယန်နဲ့အပြိုင် အရ ကမ်းလှမ်းဖွယ် ရှိနိုင်ပါတယ်။

ကိန်းအနေနဲ့ စပါးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှု ပယ်ချဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ကိန်းကို မန်ယူနိုက်တက်အသင်းက ပြန်လည် ချဉ်းကပ်လာနိုင်တယ်လို့ သိရပါတယ်။