MySport Myanmar

သူရမ် နဲ့ ဇာဟာကို အလွတ်နဲ့ ခေါ်ယူသွားဖို့ အစီအစဉ် ရှိနေတဲ့ ပီအက်စ်ဂျီ

အခုနှစ်ရဲ့ နွေဈေးကွက်အတွင်းမှာ လှုပ်ရှားမှုတွေ အားကောင်းနေတဲ့ ပီအက်စ်ဂျီအသင်းဟာ အဆန်စီယို အူဂါတီတို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အခုလည်း အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မယ့် ဝီးလ်ဖရက်ဒ်ဇာဟာ နဲ့ မားကပ်စ်သူရမ်တို့ကိုပါ ထပ်မံ ခေါ်ယူသွားဖို့ စီစဉ်လျက် ရှိနေပါတယ်။

Photo Credit : Clutch Points

၂၀၂၃-၂၀၂၄ ဘောလုံးရာသီရဲ့ နွေဈေးကွက်ထဲမှာ ကစားသမား အပြောင်းအရွှေ့တွေ များစွာ ဖြစ်ပေါ်လာဖို့ ရှိနေတဲ့ ပီအက်စ်ဂျီအသင်းဟာ ဈေးကွက် မဖွင့်လှစ်ခင်မှာ အင်တာမီလန် နောက်ခံလူ ရှကရီညာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားသလို စပို့တင်းလစ္စဘွန်းက ကွင်းလယ်လူ အူဂါတီ နဲ့ ရီးယဲလ်မက်ဒရစ်က စပိန် တောင်ပံ ကစားသမား အဆန်စီယိုတို့ကိုလည်း ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီက အသင်း တိုက်စစ်ပိုင်းအတွက်ကိုလည်း ဇာဟာ နဲ့ သူရမ်တို့ကိုပါ ထပ်မံ ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပါတယ်။

Photo Credit : Get French Football News

ဇာဟာကတော့ ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ တစ်ခါတစ်လေ ထွက်ပေါ်တတ်သူဖြစ်ပြီး အခုလည်း ဇာဟာက သူရဲ့လက်ရှိကလပ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဇာဟာကို ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတချို့က ခေါ်ယူသွားဖို့ အပြိုင်အဆိုင် ဖြစ်နေတဲ့အချိန် ပီအက်စ်ဂျီကပါ ဇာဟာကို ထပ်တိုး စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : A Stamford Bridge Too Far

ဒါ့အပြင် ပီအက်စ်ဂျီက ပြင်သစ် တိုက်စစ်ကစားသမား မားကပ်စ်သူရမ်ကိုပါ ဇာဟာနဲ့ တစ်ပါတည်း ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။ သူရမ်ဟာလည်း သူရဲ့လက်ရှိကလပ် မိုချန်ဂလာဘတ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး သူ့ကိုလည်း ဥရောပ ထိပ်သီး ကလပ်အသင်းတွေက အတော်လေး စိတ်ဝင်စားနေကြပါတယ်။ ဒီလို အသင်းတိုင်း စိတ်ဝင်စားနေတဲ့ သူရမ်ကိုလည်း ပီအက်စ်ဂျီက အသင်းဆီ အရ ခေါ်ယူချင်လာခဲ့တာဖြစ်ပြီး ဇာဟာရော သူရမ်ပါ ခေါ်ယူဖွယ် ရှိနေပါတယ်။

Exit mobile version