ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီကတော့ သူတို့ရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ အီတလီ စီးရီးအေကလပ် ဆက်ဆူအိုလိုနဲ့အတူ တောက်ပလာတဲ့ တက်သစ်စ တိုက်စစ်မှူး စကာမက်ကာကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် အီတလီ လက်ရွေးစင် တိုက်စစ်မှူး စကာမက်ကာက ယခုနှစ် ဘောလုံးရာသီမှ စတင်ကာ ဆက်ဆူအိုလိုနဲ့အတူ စတင် တောက်ပလာသူ ဖြစ်ပြီး အီတလီ လက်ရွေးစင်အသင်း အတွက်ပါ ရွေးချယ်ခံထားရတဲ့ တက်သစ်စ တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။

Photo Credit: Metro

အရပ်အမြင့် ၆ပေ ၃လက်မ ရှိတဲ့ စကာမက်ကာက အထောင်တိုက်စစ်မှူးစစ်စစ် တဦး ဖြစ်ပြီး သူ့ရဲ့ ကောင်းမွန်တဲ့ နေရာယူမှုနဲ့ အဆုံးသတ်ပိုင်း ကောင်းမွန်မှုတို့ကြောင့် အီတလီ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ အင်ဇာဂီနဲ့ပါ နှိုင်းယှဉ်ခြင်း ခံထားရသူပါ။

ဒါကြောင့်လည်း ဥရောပအသင်းကြီး အများစုက သူတို့ရဲ့ ကင်းထောက်တွေကို စေလွှတ်ကာ စကာမက်ကာရဲ့ ခြေစွမ်းပိုင်းကို လေ့လာ အကဲခတ်နေကြပြီး ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က စကာမက်ကာအတွက် တရားဝင် ကမ်းလှမ်းမှုတွေပါ ပြုလုပ်ထားပါတယ်။

Photo Credit: Metro

ဒါပေမယ့် အာဆင်နယ်အနေနဲ့ စကာမက်ကာကို ခေါ်ယူနိုင်ဖို့ ရေပန်းစားခြင်း မရှိသေးသလို ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီကပါ စကာမက်ကာကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း အီတလီ နာမည်ကြီး သတင်းထောက် ဒီမာဇီယိုက ဆိုပါတယ်။

ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက သူတို့အသင်းမှာ လစ်လပ်နေတဲ့ နံပါတ်၉ တိုက်စစ်မှူးနေရာ အတွက် စကာမက်ကာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး မကြာခင်မှာပဲ စကာမက်ကာ အတွက် တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ပါ စီစဉ်နေကြောင်း သိရပါတယ်။