ပြင်သစ်လီဂူးရဲ့ အင်အားအကြီးမားဆုံး ကလပ်အသင်းကြီးဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာသွားရဖွယ် ရှိနေတဲ့ တိုက်စစ်မှူး ပီယာအန်းမရစ်အူဘာမီယန်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ စပိန်တောင်ပံကစားသမား မာကိုအဆန်စီယိုတို့ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ ဗြိတိန်နဲ့ စပိန်သတင်းမီဒီယာတွေကနေ အသီးသီး ဖော်ပြလာခဲ့ကြပါတယ်။

Photo Credit : Mirror

လက်ရှိမှာ စပါးကွင်းလယ်ကစားသမား အမ်ဒွန်ဘီလီကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူသွားဖို့ ကြိုးပမ်းနေတဲ့ ပီအက်စ်ဂျီအသင်းဟာ ဝါရင့်တိုက်စစ်ကစားသမား အူဘာမီယန်းနဲ့ ကွင်းလယ်တိုက်စစ်ပိုင်းမှာ အကောင်းဆုံး ကစားတတ်သူ အဆန်စီယိုတို့ကိုပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဗြိတိန်အခြေစိုက် The Telegraph ကနေ ဖော်ပြလာချက်မှာတော့ ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် အာဆင်နယ်အသင်းမှာ အနာဂတ် မသေချာတော့တဲ့ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းကို တခြား ဥရောပ ကလပ်အသင်းတွေနဲ့အပြိုင် စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားပါတယ်။

Photo Credit : The Real Champ

အသက်(၃၂)နှစ်အရွှယ် ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ သူရဲ့စည်းကမ်းပိုင်းဆိုင်ရာ အားနည်းမှုကြောင့် အာဆင်နယ်အသင်းနည်းပြ အာတီတာကနေ အသင်းခေါင်းဆောင် ရာထူးကနေ အသင်းရဲ့ လူစာရင်းကနေ ဖယ်ရှားထားခဲ့တာ ဖြစ်သလို အပြောင်းအရွှေ့ စျေးကွက်မပိတ်သိမ်းခင်မှာလည်း အသင်းကနေ ရောင်းထုတ်သွားဖို့ထိပါ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီလို အနာဂတ် အခြေအနေ မရေမရာ ဖြစ်နေရတဲ့ အူဘာမီယန်းကို ဘာစီလိုနာ အေစီမီလန် ဂျုဗင်တပ်စ်နဲ့ မာဆေးလ်အသင်းတို့ကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြသလို ပီအက်စ်ဂျီအသင်းကနေပါ ခေါ်ယူသွားချင်နေတယ်လို့ Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် အငှားနဲ့ ကမ်းလှမ်းမှုနဲ့သာ ကမ်းလှမ်းဖွယ်သာ ရှိနေပြီး စျေးကွက်အတွင်း အသင်းရဲ့ တိုက်စစ်ကစားသမား အီကာဒီကိုသာ ဆက်ထိန်းထားနိုင်မယ်ဆိုရင်တော့ အူဘာမီယန်းကို ကမ်းလှမ်းဖွယ် မရှိနိုင်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီအသင်းဟာ ရီးယဲလ်ကစားသမား အဆန်စီယိုကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ အဆန်စီယိုဟာ အန်စလော့တီလက်အောက်မှာ ပွဲထွက်ကစားခွင့်တွေ ရရှိနေပေမယ့်လည်း နောက်ရာသီ အသင်းကို ကစားသမားသစ်တွေ ရောက်ရှိလာချိန်မာ နေရာပျောက်နိုင်တာကြောင့် အသင်းနဲ့ လမ်းခွဲနိုင်ဖွယ် ရှိနေပြီး ဒါကို ပီအက်စ်ဂျီဘက်က အခွင့်ကောင်းယူသွားနိုင်တယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။