မကြာသေးခင်ကမှ လီဗာပူးလ်အသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒမ်းကို ခေါ်ယူထားခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပိုမိုအင်အားတောင့်တင်းတဲ့ ကွင်းလယ်တစ်ခုအဖြစ် တည်ဆောက်ဖို့အတွက် လက်ရှိ ယူရို-၂၀၂၀ ပြိုင်ပွဲအတွင်း ပြင်သစ်အသင်းအတွက် ခြေစွမ်းပြသလို့နေတဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကိုပါ မန်ချက်စတာယူနိုက်တက်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ ပြင်သစ်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ လက်ရှိ ယူရိုပြိုင်ပွဲမှာ ပြင်သစ်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ပါဝင်နေသူဖြစ်ပြီး သူရဲ့ကလပ်အသင်း ယူနိုက်တက်မှာထက်ကို ပိုမိုခြေစွမ်းပြလျက် ရှိနေပါတယ်။ ပေါ့ဘာဟာ လာမယ့် ၂၀၂၂ခုနှစ်မှာပဲ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ယူနိုက်တက်ဘက်ကနေ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို သက်တမ်းတိုးဖို့ လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်ထိ သက်တမ်းတိုးဖို့က အဆင်မပြေသေးသလို ကစားသမားရဲ့ အနာဂတ်ကလည်း မရေမရာ ဖြစ်နေတဲ့အတွက် ဒီအခြေအနေကို ပီအက်စ်ဂျီအသင်းကနေ စောင့်ကြည့်နေတာဖြစ်ပါတယ်။

Photo Credit : United in Focus

ပီအက်စ်ဂျီအသင်းဟာ မကြာသေးခင်ကမှ နယ်သာလန် ကွင်းလယ်လူ ဝိုင်နယ်ဒမ်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး အသင်းရဲ့ကွင်းလယ်မှာ ဗာနက်တီ ပါရေဒက်စ် ဟာရဲရား ဂေးယီတို့လို အရည်အသွေးမြင့်တဲ့ ကစားသမားတွေ ရှိနေတာဖြစ်ပေမယ့်လည်း ကွင်းလယ်ပိုင်းကို ပိုမိုအင်အားကောင်းလာဖို့အတွက် ပေါ့ဘာလို ထိပ်တန်းကွင်းလယ်ကစားသမားမျိုးကို ထပ်မံအလိုရှိနေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိလို့နေပြီး ရွိုင်အိုလာကလည်း သူရဲ့ကစားသမားကို အသင်းပြောင်းရွှေ့အောင် လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် အေးဂျင့်ကြေးကို မြိုးမြိုးမြက်မြက် ရနိုင်တာကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ စွမ်းဆောင်ဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းနည်းပြ အိုလေဂန်နာဆိုးလ်ရှားကတော့ ပေါ့ဘာကို အသင်းကနေ လုံးဝ ရောင်းမထုတ်သွားစေချင်ပဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်နေတာကြောင့် အပြောင်းအရွှေ့က ခက်ခဲဖွယ်တော့ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားကသာ ယူနိုက်တက်နဲ့ သက်တမ်းမတိုးနိုင်ရင် ယူနိုက်တက်က ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ပါ နောက်တစ်ကြိမ် လက်လွတ်ရနိုင်တာမို့ ပေါ့ဘာသာ သက်တမ်းတိုးဖို့ လက်မခံခဲ့ရင် ဒီနှစ်နွေမှာပဲ သူ့ကို ရောင်းထုတ်သွားနိုင်ပါတယ်။