ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်တုန်းက လီယွန်နယ်မက်ဆီ ဆာဂျီယိုရာမို့စ် ဝိုင်နယ်လ်ဒမ်းစ်နဲ့ ဒွန်နာရမ်မာတို့လို ထိပ်တန်းကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူအားဖြည့်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ လာမယ့် ၂၀၂၂ခုနှစ် နွေရာသီမှာလည်း နောက်ထပ် Free Agent ကစားသမားအဖြစ် ချယ်လ်ဆီးအသင်းရဲ့ ဂျာမနီ နောက်ခံကစားသမား အန်တိုနီယိုရူဒီဂါကိုပါ ထပ်မံခေါ်ယူဖို့အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆက်သွယ်လို့နေတယ်လို့ သိရပါတယ်။

Photo Credit : 90Min

ချယ်လ်ဆီးအသင်းရဲ့ အဓိက နောက်ခံလူတစ်ဦးဖြစ်တဲ့ ရူဒီဂါဟာ ချယ်လ်ဆီးအသင်းကို ၂၀၁၇ခုနှစ်ကတည်းက ရိုးမားအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့လည်း (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒီစာချုပ်က လာမယ့် ၂၀၂၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှာပဲ သက်တမ်းကုန်ဆုံးရတော့မှာ ဖြစ်တာကြောင့် အသင်းဘက်ကနေ သက်တမ်းတိုးဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ရူဒီဂါက လက်ရှိ လုပ်ခလစာထက် ပိုမိုမြင့်မားစွာ အလိုရှိနေတာကြောင့် သက်တမ်းတိုးဖို့က ကြန့်ကြာနေရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ ဖြစ်နေရတဲ့ ရူဒီဂါကိုလည်း ဥရောပရဲ့ ထိပ်သီးကလပ်အသင်းများစွာကနေ စိတ်ဝင်စားနေကြပြီး ပီအက်စ်ဂျီအပါအဝင် ကလပ်အသင်းတချို့က ကစားသမားရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။

Photo Credit : The Independent

လတ်တလောမှာတော့ နောက်ခံလူရူဒီဂါကို ဘိုင်ယန်မြူးနစ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေကနေ အပြိုင်ကြိုးပမ်းနေကြပြီး စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်တွေမှာတော့ ရီးယဲလ်အသင်းက ရူဒီဂါကို ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေရပါတယ်။ ဒါပေမယ့်လည်း ရူဒီဂါလုပွဲကို ပီအက်စ်ဂျီအသင်းဘက်ကနေပါ ဝင်ရောက်လာခဲ့ပြီး ဘာစီလိုနာအသင်းဆီ ရောက်ရှိခါနီးနေတဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဝိုင်နယ်လ်ဒမ်းစ်ကို မြင့်မားတဲ့ လစာတစ်ရပ်နဲ့ ကြားဖြတ်ခေါ်ယူခဲ့ဖူးတာဖြစ်လို့ ရီးယဲလ်နဲ့ ဘိုင်ယန်တို့အတွက် သတိထားစရာ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အလိုရှိနေတဲ့ ကလပ်အသင်းတွေ ဝိုင်းဝိုင်းလည်နေတဲ့ ရူဒီဂါကို စာချုပ်သစ်တစ်ရပ် ချုပ်ဆိုပြီး အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားဖို့ ကြိုးပမ်းရမယ့် ချယ်လ်ဆီးအသင်းအတွက်ကလည်း အတော်လေး ခက်ခဲလာရနိုင်ပါတယ်။ ဒါကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ ရူဒီဂါနေရာမှာ အစားထိုးဖို့အတွက် ခံစစ်ကစားသမားသစ်တွေကိုပါ ရှာဖွေလို့ထားနေရပြီး လတ်တလောမှာတော့ လက်စတာနောက်ခံလူ ဝက်စလေဖိုဖာနာနဲ့ သတင်းထွက်လို့ နေပါတယ်။