ပီအက်စ်ဂျီအသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း ချယ်လ်ဆီးအသင်းမှာ မပျော်မရွှင် ဖြစ်နေရတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား ရိုမီလူလူကာကူကို ခေါ်ယူသွားဖို့ ကစားသမားရဲ့ အေးဂျင့်ဖြစ်တဲ့ မီနိုရွိုင်အိုလာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။

Romelu Lukaku's agent is reportedly in talks with PSG

Photo Credit : The Sun

အသက်(၂၈)နှစ်အရွှယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့နွေကမှ အင်တာမီလန်ကနေ အသင်းဟောင်း ချယ်လ်ဆီးကို ပေါင်(၉၈)သန်းနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပေမယ့် လူကာကူရဲ့ လန်ဒန်အပြန်ခရီးက အစမှာသာ ဖြောင့်ဖြူးခဲ့ရပြီး နောက်ပိုင်းမှတော့ သူရဲ့စွမ်းဆောင်ရည်တွေနဲ့ သူရဲ့အင်တာဗျူး ပြောစကားတွေက မေးခွန်းထုတ်ချင်စရာ ဖြစ်လာခဲ့ရသလို သူရဲ့ပွဲထွက်ခွင့်တွေကလည်း နည်းပါးလာခဲ့ရပါတယ်။ ဒီအခြေအနေမှာ လူကာကူကိုယ်တိုင်က ချယ်လ်ဆီးကနေ ပြန်လည်ထွက်ခွာချင်လာပြီး သူ့အသင်းဟောင်း အင်တာကိုတောင် ပြန်သွားချင်နေတယ်လို့ မီဒီယာတချို့ကနေ ဖော်ပြလာခဲ့ပါတယ်။

Lukaku insists to return to Inter Milan

Photo Credit : Blaze Trends

အင်တာမီလန်အသင်းကလည်း သူတို့ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူချင်နေပေမယ့် အသင်းအတွင်း ဘဏ္ဍာရေး အကျပ်အတည်းတွေ ရှိနေရတာကြောင့် လူကာကူကို အငှားကမ်းလှမ်းမှုနဲ့သာ ခေါ်ယူနိုင်မှာ ဖြစ်တဲ့အတွက် ဒီအခြေအနေကို ပီအက်စ်ဂျီအသင်းဘက်က အခွင့်ကောင်းယူဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ လတ်တလော ထွက်ပေါ်ထားတဲ့ သတင်းတွေအရ ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုက လူကာကူကို ခေါ်ယူဖို့အတွက် လူကာကူရဲ့့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာနဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေပြီလို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကီလီယန်အမ်ဘာပေနဲ့ ဒီနှစ်ရာသီအကုန်မှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ သက်တမ်းထပ်တိုးနိုင်ဖို့ အသေအချာ ကြိုးပမ်းနေပေယ့်လည်း တကယ်လို့သာ ဘာပေဘက်က သက်တမ်းတိုး ကမ်းလှမ်းမှုအပေါ် ထပ်မံပယ်ချလာဦးမယ်ဆိုရင် ဘာပေနေရာမှာ အစားထိုးဖို့အတွက် လူကာကူကို အခုလို ချိတ်ဆက်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီအသင်းဟာ လူကာကူအပြင် လာမယ့်နွေမှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဒမ်ဘီလီနဲ့ အေဂျက်စ်အသင်းရဲ့ ဘရာဇီးလ်ကြယ်ပွင့် အန်တိုနီတို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။