ချန်ပီယံလိဂ် မဲခွဲမှုတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ ပီအက်စ်ဂျီအသင်းက စီးရီးအေကလပ် အတ္တလန်တာအသင်းနဲ့ ကွာတားဖိုင်နယ်မှာ တွေ့ဆုံလို့နေလို့ အားလုံးက ပီအက်စ်ဂျိီပဲ ဆီမီးဖိုင်နယ်ကို တတ်လှမ်းသွားလိမ့်မယ်လို့ ထင်နေကြပေမယ့် အတ္တလန်တာက လျှော့တွက်လို့မရတဲ့ အသင်းတစ်သင်းဖြစ်နေတဲ့အပြင် ပီအက်စ်ဂျီအသင်းရဲ့ စီးရီးအေကလပ်တွေနဲ့ တွေ့ဆုံမှု အစဉ်အလာတွေကလည်း အားရစရာ အနေအထားမှာ မရှိခဲ့တာကြောင့် အတ္တလန်တာအတွက်လည်း မျှော်လင့်ချက်တွေ ရှိလာနိုင်မယ်လို့ပါ တွေးမိလာခဲ့ရပါတယ်။

Photo Credit : Youtube

စီးရီးအေမှာ တိုက်စစ်ပိုင်း အရမ်းကောင်းမွန်လို့နေတဲ့ အတ္တလန်တာအသင်းက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို ဒီနှစ်မှသာ ပထမဆုံးအကြိမ်အဖြစ် တတ်လှမ်းနိုင်ခဲ့တာဖြစ်ပေမယ့် သူတို့နဲ့ ကွာတားဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် ပီအက်စ်ဂျီအသင်းကတော့ ဥရောပအတွေ့အကြုံ ရင့်ကျက်လွန်းတဲ့ အသင်းဖြစ်သလို နှစ်တိုင်းလိုုလိုလည်း ဒီပြိုင်ပွဲမှာ ဝင်ရောက်ဆင်နွဲခဲ့ရပြီး ချန်ပီယံဆု ဆန်ခါတင်စာရင်းမှာပါ ထည့်သွင်းခံထားရတဲ့ အသင်းတစ်သင်းပါ။ ဒါပေမယ့် ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်မှာ အီတလီကလပ်အသင်းတွေနဲ့ ဆုံတွေ့ရလိုက်တိုင်းလိုလိုမှာ ရလဒ်ကောင်းတွေ မရတတ်တဲ့ အစဉ်အလာဆိုးတစ်ခုကလည်း ရှိလို့နေပါတယ်။

Photo Credit : Youtube

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်မှာ အီတလီအသင်းတွေနဲ့ အကြိမ်ကြိမ် တွေ့ဆုံမှုတွေ သိပ်များများစားစား မရှိထားပေမယ့်လည်း ၁၉၉၄-၁၉၉၅ ဘောလုံးရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အေစီမီလန်အသင်းနဲ့ တွေ့ဆုံံခဲ့ပြီး နှစ်ကျော့စလုံးကို ရှံးခဲ့ရသလို ၂၀၀၀ခုနှစ်နဲ့ ၂၀၀၁ခုနှစ်တွေမှာလည်း အေစီမီလန်နဲ့ပဲ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဆုံတွေ့ခဲ့ပြီး (၂)ကြိမ်လုံး သရေကျခဲ့ရပါတယ်။ ဒါ့အပြင် မနှစ်က ဘောလုံးရာသီအတွင်း ချန်ပီယံလိဂ် အုပ်စုအဆင့်မှာပဲ စီးရီးအေကလပ် နာပိုလီနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့သေးပြီး နှစ်ကျော့လုံး သရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒီလို အစဉ်အလာတွေရှိခဲ့တဲ့ ပီအက်စ်ဂျီအသင်းအနေနဲ့ အတ္တလန်တာကို အလွယ်တကူတော့ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ တရားသေ ယူဆထားလို့ မရပါဘူး။ နောက်ပြီးတော့ ပီအက်စ်ဂျီက ပွဲဆက်တွေပြတ်နေတာ လပေါင်းများစွာ ကြာမြင့်နေတဲ့အပြင် အသင်းရဲ့ဝါရင့်တိုက်စစ်မှူးကြီး ကာဗာနီကိုလည်း စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ လက်လွတ်ထားရပါသေးတယ်။ ပိုပြီးသတိထားရမှာကတော့ အတ္တလန်တာရဲ့တိုက်စစ်ကစားဟန်ဖြစ်ပြီး စီးရီးအေမှာရော ချန်ပီယံလိဂ်မှာပါ သွင်းဂိုးအားတွေ ကောင်းမွန်နေတဲ့ အတ္တလန်တာတိုက်စစ်က ပီအက်စ်ဂျီခံစစ်ကို အချိန်မရွေး ဒုက္ခပေးနိုင်တာကြောင့် ပေါ်တူဂီမြေမှာ ဘယ်အသင်း ဆီမီးတတ်သွားမလဲဆိုတာ ရင်ခုန်စရာကောင်းနေပါတယ်။