ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ GOAT ကြီး လီယွန်နယ်မက်ဆီကို စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့အတွက် နှုတ်အားနဲ့ သဘောတူညီမှု ရရှိထားခဲ့တယ်လို့ နာမည်ကြီး ဘောလုံးဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက သူရဲ့တွစ်တာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

ကမ္ဘာ့ဘောလုံးလောကရဲ့ အထင်ကရ ကစားသမားတစ်ဦးဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်မှ အသင်းက သူ့ကို သက်တမ်းမတိုးနိုင်တော့ကြောင့် အသင်းကနေ အလွတ်နဲ့ ထွက်ခွာခွင့်ပေးခဲ့ရပြီး မက်ဆီကလည်း ပီအက်စ်ဂျီအသင်းဆီကို (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီနဲ့ ပွဲဦးထွက်ရာသီမှာ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယမြောက်ရာသီဖြစ်တဲ့ အခုဘောလုံးရာသီမှာတော့ ပီအက်စ်ဂျီအတွက် အကောင်းဆုံး စွမ်းဆောင်ထားနိုင်သလို မကြာသေးခင်ကလည်း အာဂျင်တီးနားအသင်းနဲ့ပါ ၂၀၂၂ကမ္ဘာ့ဖလားကြီးကို သိမ်းပိုက် ရယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Sportsnet

အခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီအတွက် (၁၂)ဂိုးသွင်းပြီး (၁၆)ဂိုး ဖန်တီးပေးထားနိုင်ခဲ့တဲ့ မက်ဆီဟာ လာမယ့်နှစ်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ စာချုပ်ပါ သဘောတူညီမှုတွေအတိုင်း တစ်နှစ် ထပ်တိုးခွင့်ကို အသုံးပြုသွားမလား ဒါမှမဟုတ် သက်တမ်းတစ်ခုခု သတ်မှတ်ပြီး ထပ်မံ သက်တမ်းတိုးသွားမလားဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဘက်ကတော့ သူတို့ရဲ့ စူပါစတား ကစားသမား မက်ဆီကို အသင်းကနေ လုံးဝ လက်လွတ်မသွားချင်တာကြောင့် ကမ္ဘာ့ဖလား ပြီးဆုံးသွားရင် စာချုပ်ကိစ္စကို သေချာ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားခဲ့တဲ့ မက်ဆီရဲ့ ကတိစကားအတိုင်း လက်ရှိမှာ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မက်ဆီနဲ့ ပီအက်စ်ဂျီတို့ကြားမှာ စာချုပ် ဘယ်နှစ်နှစ် ချုပ်ဆိုသွားမလဲ လုပ်ခလစာ ဘယ်လောက်ပမာဏ ပေးချေသွားမလဲဆိုတာတွေနဲ့ ပတ်သတ်လို့ ဆုံးဖြတ်ချက်တွေ ချမှတ်ထားရခြင်း မရှိသေးပေမယ့်လည်း စာချုပ်သက်တမ်း တိုးသွားဖို့ကိုတော့ နှုတ်အားနဲ့ သဘောတူညီထားခဲ့ပါတယ်။ မက်ဆီကို ပဲရစ်မြို့မှာ ဆက်လက် ရှိနေစေဖို့ ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခါလိုင်ဖီနဲ့ အကြံပေး ကမ်ပို့စ်တို့က အတူတကွ ဆောင်ရွှက်နေကြပါတယ်။