ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အမာခံ ပရိသတ်တွေဟာ အသင်းကို ပြောင်းရွှေ့လာမယ်လို့ ရေပန်းစားနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဘာကို အသင်းထံ ရောက်မလာဖို့ စုပေါင်း ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် သူကတော့ အသင်းကနေ ထွက်ခွာချင်နေပါတယ်။

Photo Credit: Standard

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့တွေကို အသင်းကနေ ထွက်ခွာချင်တဲ့ အကြောင်း တရားဝင် ပြောကြားထားသလို ပီအက်စ်ဂျီ အသင်းကလဲ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ယမန်နေ့မှာတော့ ပီအက်စ်ဂျီအသင်းရဲ့ အမာခံ ပရိသတ်တချို့ဟာ အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Parc Des Princesကွင်းရှေ့မှာ ပေါ့ဘာကို အလိုမရှိကြောင်း စာတမ်းကြီး ချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြပြီး အဆိုပါ စာတမ်းထဲမှာတော့ ပေါ့ဘာကို အသင်းထံ ပြောင်းမလာဖို့ တိုက်တွန်းတဲ့ စာသားတွေ ပါဝင်ပါတယ်။

 

Photo Credit: Standard

စာတမ်းထဲမှာ ရေးသားထားတာကတော့ – “ပေါ့ဘာရေ မင်းအမေရဲ့ စကားကို နားထောင်ပါ။ သူမက မင်းကို ဒီအသင်းဆီ မပြောင်းရွှေ့စေချင်ဘူး။ ငါတို့ကလည်း မင်းကို အလိုမရှိဘူးကွ” ဆိုတဲ့ စာသားပဲ ဖြစ်ပါတယ်။ ပေါ့ဘာရဲ့ မိသားစုဝင်တွေဟာ မာဆေးလ်အသင်းရဲ့ အမာခံ ပရိသတ်တွေ ဖြစ်သလို ပေါ့ဘာရဲ့ မိခင်ဖြစ်သူကလဲ တချိန်တုန်းက ပေါ့ဘာဟာ ပီအက်စ်ဂျီအသင်းမှာ ဘယ်တော့မှ ကစားမှာ မဟုတ်ဘူးလို့ ပြောကြားဖူးတာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ ပရိသတ်တွေဟာ ပေါ့ဘာကို ဆန္ဒပြနေကြတာပဲ ဖြစ်ပါတယ်။