MySport Myanmar

မက်ဆီနဲ့ နေမာကို အသင်းကနေ ထွက်သွားဖို့ ဆန့်ကျင် ဆန္ဒပြနေကြတဲ့ PSGပရိသတ်များ

ပြင်သစ် လီဂူးဝမ်း အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီရဲ့ ပရိသတ်တွေက ယနေ့မနက် အစောပိုင်းမှာ အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်ကြတဲ့ မက်ဆီနဲ့ နေမာတို့ရဲ့ နေအိမ်ရှေ့တွေဆီ သွားကာ အသင်းကနေ ချက်ချင်း ထွက်သွားဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရပါတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့ ဘရာဇီးလ် အသင်းခေါင်းဆောင် နေမာတို့က ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်ကြပြီး ပီအက်စ်ဂျီဟာ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့လို ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ အစောကြီး ထွက်ခွာခဲ့ရသလို ပြည်တွင်းပြိုင်ပွဲတွေမှာလည်း အားရစရာ ခြေစွမ်းမျိုးတွေ မပြသနိုင်ခဲ့ပါဘူး။

ဒါ့အပြင် မက်ဆီက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အသင်းရဲ့ ခွင့်ပြုချက် မရပဲ ဆော်ဒီနိုင်ငံဆီ သူ့သဘောနဲ့သူ ခရီးထွက်ခဲ့တာကြောင့် ပီအက်စ်ဂျီနဲ့ မက်ဆီရဲ့ ကြားထဲမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေပြီး မက်ဆီဟာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။

ပီအက်စ်ဂျီနဲ့ မက်ဆီရဲ့ အကွဲအပြဲကြောင့်ပဲ ပီအက်စ်ဂျီပရိသတ်တွေက ယနေ့မနက် အစောပိုင်းမှာ အသင်းရဲ့ ရုံးချုပ်ရှေ့နဲ့ မက်ဆီရဲ့ နေအိမ်ရှေ့တို့ဆီ သွားရောက်ကာ မက်ဆီကို အသင်းကနေ ချက်ချင်း ထွက်သွားဖို့ အော်ဟစ်ကာ တောင်းဆိုခဲ့ကြသလို မက်ဆီရဲ့ အရင်းနှီးဆုံး အသင်းဖော် ဖြစ်သလို မကြာခဏ ဒဏ်ရာတွေ ရလေ့ ရှိတဲ့ နေမာရဲ့ အိမ်ရှေ့ဆီလည်း သွားကာ အသင်းကနေ မက်ဆီနဲ့အတူ ထွက်သွားဖို့ အော်ဟစ်ခဲ့ကြပါတယ်။

ပီအက်စ်ဂျီဘက်ကတော့ ပရိသတ်တွေရဲ့ အပြုအမူတွေကို ရှုတ်ချကြောင်း တရားဝင် စာတစောင် ထုတ်ပြန် ဖော်ပြခဲ့ပြီး အဆိုပါစာထဲမှာ “ပီအက်စ်ဂျီအသင်းက လူနည်းစု တစုရဲ့ သည်းမခံနိုင်စရာ စော်ကားပြောဆိုမှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒီလိုလုပ်ရပ်တွေနဲ့ ဘယ်တော့မှ တရားမျှတမှုကို ရှာဖွေလို့ ရမှာ မဟုတ်ပါဘူး။ ဒီလိုမျိုး ရှက်စရာကောင်းတဲ့ အပြုအမူတွေ အပြီးမှာ ပီအက်စ်ဂျီက ကစားသမားတွေနဲ့ တာဝန်ရှိသူတွေ အားလုံးကို အပြည့်အဝ ထောက်ခံပါတယ်” လို့ ပါဝင်ပါတယ်။

ပီအက်စ်ဂျီ ပရိသတ်တွေရဲ့ ဆန့်ကျင် ဆန္ဒပြမှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ နေမာကတော့ လူမှုကွန်ယက်အကောင့် တခုပေါ်မှာ သူဟာ မက်ဆီနဲ့အတူ ဘာစီလိုနာဆီ ပြန်ချင်နေတယ် ဆိုပြီး ရေးသားထားတဲ့ ပို့စ်တခုကို Like ပေးခဲ့ပြီး နေမာရဲ့ အဆိုပါ အပြုအမူကြောင့် ပီအက်စ်ဂျီ ပရိသတ်တွေဟာ နေမာကို ပိုမို ဆန့်ကျင်လာဖွယ် ရှိနေပါတယ်။

Exit mobile version