ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ အဓိက ကစားသမား အများစု ဒဏ်ရာရရှိနေတာကြောင့် အခက်တွေ့နေတယ် လို့ အသင်းရဲ့ နည်းပြဖြစ်သူ တူချယ်က ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ယခုတစ်ပတ်မှာ ပြင်သစ်လီဂူးဝမ်း ပွဲစဉ်အဖြစ် နိုင်းလ်အသင်း ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်သလို လာမယ့် ကြားရက်ထဲမှာလည်း ချန်ပီယံလိဂ် အုပ်စုအဆင့် အဖွင့်ပွဲစဉ်အဖြစ် မန်ယူအသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာပဲ ဖြစ်ပါတယ်။

Photo Credit: PSG Talk

အခုလို အရေးကြီးတဲ့ ကာလတစ်ခုမှာ ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဗာရက်တီ ၊ မာကွင်ဟို ၊ အိုင်ကာဒီတို့ဟာ ဒဏ်ရာပြသာနာတွေကြောင့် အသင်းအတွက် ပါဝင် ကစားပေးဖို့ မရေမရာ ဖြစ်နေသလို ကွင်းလယ်လူ ဟာရဲယားဟာလည်း ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရပါတယ်။ ဒါ့အပြင် ဒီမာရီယာနဲ့ ကာဇာဝါတို့ဟာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် နိုင်းလ်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်ဦးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပီအက်စ်ဂျီအသင်းဟာ နိုင်းလ်အသင်းနဲ့ ပွဲစဉ်မှာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ နေမာ ၊ အမ်ဘာပေတို့ကို အနားပေးလို့မရပဲ မဖြစ်မနေ သုံးစွဲရမယ့် အခြေအနေ တစ်ခုမှာ ရှိနေပါတယ်။

Photo Credit: PSG Talk

ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်ကတော့ သူ့အသင်းရဲ့ လက်ရှိ အခြေအနေကို အတော်လေး စိတ််ပျက်နေပြီး သူဟာ နိုင်းလ်အသင်းနဲ့ ပွဲစဉ်မှာ ကစားသမား ၁၁ယောက်ကိုပဲ သုံးစွဲရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ငြီးတွား သွားခဲ့ပါတယ်။ ဒဏ်ရာရ ကစားသမားတွေ များပြားနေတာနဲ့ ပတ်သတ်ပြီး တူချယ်က “ ဒရက်ဇလာ ၊ ဗာရက်တီနဲ့ မာကွင်ဟိုတို့က နိုင်းလ်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်မှာ မဟုတ်သလို မန်ယူအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်မလား ဆိုတာကလည်း မကျိန်းသေသေးပါဘူး။ ဟာရဲယားက ကိုရိုနာဗိုင်းရပ် ကူးစက် ခံထားရသလို ဒါနီလို ပါရဲယားကလည်း ရိုနယ်ဒိုနဲ့ ထိတွေ့မှု ရှိခဲ့တာကြောင့် ကျွန်တော်တို့နဲ့ အတူ မရှိသေးပါဘူး။ ခါရာက ဒဏ်ရာ ရရှိနေဆဲ ဖြစ်သလို ရက်သတ္တပတ် အနည်းငယ် နားရဦးမှာပါ။ ဘားနက်က ပါဝင်နိုင်ဦးမှာ မဟုတ်သလို အိုင်ကာဒီဟာလည်း ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာက အရမ်းကြီး မများပေမယ့် သူဟာ နိုင်းလ်အသင်းနဲ့ပွဲကိုရော မန်ယူအသင်းနဲ့ ပွဲစဉ်ကိုပါ လွဲချော်ဦးမှာပါ။ ဒါတွေက ကျွန်တော့်ကို ခေါင်းကိုက်စေပါတယ် “ ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။