ပြင်သစ်အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်ဂျီအသင်းဟာ ပရီးမီးယားလိဂ်ကလပ် စပါး အသင်းကနေ ထွက်ခွာဖို့အတွက် စကားဟလာခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတွက် မျက်စိကျလာတယ်လို့ ပြင်သစ်နိုင်ငံအခြေစိုက်သတင်းဌာနတွေကနေ ဖော်ပြလာခဲ့ကြပါတယ်။ ဟယ်ရီကိန်းဟာ မကြာသေးမီကပဲ စပါးအသင်းကသာ အောင်မြင်မှုလမ်းကြောင်းပေါ်မှာ ရှိမနေဘူးဆိုရင် အသင်းကနေ ထွက်ခွာသွားမှာဖြစ်တယ်လို့ ဖွင့်ဟပြောဆိုထားသူ ဖြစ်ကာ လတ်တလောမှာတော့ သူ့ကိုခေါ်ယူဖို့ အတွက် မန်ယူအသင်း ၊ မန်စီးတီးအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေကြပါတယ်။

Photo Credit: PSG Talk.com

ပြင်သစ်ကလာတဲ့ သတင်းတွေအရတော့ ပီအက်ဂျီအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ သူတို့အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ နေမာ ၊ ကာဗာနီ ၊ အိုင်ကာဒီတို့ကို လက်လွှတ်ဖို့ ရှိနေတာကြောင့် ဟယ်ရီကိန်းကို ခေါ်ယူဖို့ မျက်စိကျလာတာဖြစ်ကြောင်းနဲ့ နေမာကို ရောင်းချရာကနေ ရလာတဲ့ ငွေကြေးတွေကို အသုံးပြုကာ ဟယ်ရီကိန်းကို ခေါ်ယူမှာ ဖြစ်ကြောင်း သိထားရပါတယ်။ ပီအက်ဂျီ အသင်းရဲ့ တိုက်စစ်မှူး နေမာဟာ လက်ရှိမှာ စပိန်အင်အားကြီးအသင်းနှစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်း ၊ ရီးရဲလ်မက်ဒရစ်အသင်းတို့ထံ ပြောင်းရွှေ့မယ်လို့ သတင်းကြီးနေသူဖြစ်ပြီး ပီအက်ဂျီအသင်းဟာ သူ့ရဲ့ အပြောင်းအရွှေ့မှ ပြောင်းရွှေ့ကြေး ပေါင်၁၅၀သန်းကနေ ပေါင် ၂၀၀သန်းနီးပါးအထိ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: PSG Talk.com

စပါးအသင်းနဲ့ နီးစပ်သူတွေကတော့ စပါးအသင်းဥက္ကဌ လီဗိုင်းဟာ ဟယ်ရီကိန်းသာ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိပါက ရောင်းချသွားမှာဖြစ်ကြောင်းနဲ့ ဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့ကနေ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်းအထက်ကို ရယူလိုနေပါတယ်။ ဥရောပအပြောင်းအရွှေ့ ကျွမ်းကျင်သူတွေကတော့ ပီအက်ဂျီအသင်းဟာ အင်တာမီလန်အသင်းမှ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး အိုင်ကာဒီ ကို အငှားစာချုပ်ပြည့်တာနဲ့ အင်တာမီလန် အသင်းထံ ပြန်လည် စေလွှတ်သွားမှာ ဖြစ်တယ် လို့ သုံးသပ်ထားကြပြီး နေမာသာ လာမယ့်နွေ ရာသီမှာ အသင်းပြောင်းဖြစ်ပါက ကျိန်းသေ ဟယ်ရီကိန်းကို ခေါ်ဖို့ ကမ်းလှမ်းမှု ပြုလုပ်လာမှာဖြစ်ကြောင်း သူတို့ရဲ့အမြင်ကို ပြောကြားထားကြပါတယ်။