ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ အမ်ဘာပေကို လက်မလွှတ်လိုပေမယ့် အကယ်၍ လက်လွှတ်ခဲ့ရရင် အဲဗာတန်အသင်းရဲ့ တိုက်စစ် ကစားသမား ရစ်ချာလီဆန်ကို ခေါ်ယူဖို့ စီစဉ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနကြီးတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ တိုက်စစ်မှူး အမ်ဘာပေကို စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆက်တိုက် ဆိုသလို ကြိုးပမ်းနေပေမယ့် အမ်ဘာပေဘက်က စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်နေကာ ပြီးခဲ့တဲ့ ၆လအတွင်းမှာ ငြင်းဆိုမှုပေါင်း ၃ကြိမ် အထိ လုပ်ခဲ့ပါတယ်။

Photo Credit: Daily Star

ဒါကြောင့်ပဲ ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို အနှေးနဲ့ အမြန် လက်လွှတ်ရဖို့ ရှိနေကာ တဖက်မှာလည်း ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေ အတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ယူရို ၁၆၀သန်းနဲ့ စတင် ကမ်းလှမ်းလိုက်ပါတယ်။

စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး အတွက် ယူရို ၁၆၀သန်း ဆိုတဲ့ ကမ်းလှမ်းမှုဟာ အတော်လေးကို သဘောကျစရာ ကောင်းပြီး ပီအက်စ်ဂျီအသင်းက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှု အပေါ် အကြောင်းမပြန်သေးပေမယ့် လက်ခံဖို့ ရာခိုင်နှုန်းများနေကြောင်း ပဲရစ်မြို့ အခြေစိုက် သတင်းဌာန အများစုက ဖော်ပြခဲ့ကာ ပီအက်စ်ဂျီအသင်းဟာ အဲဗာတန်အသင်းရဲ့ တိုက်စစ် ကစားသမား ရစ်ချာလီဆန်ကို အမ်ဘာပေရဲ့နေရာ အတွက် အစားထိုးမှု အဖြစ် ရှုမြင်နေကြောင်းလည်း ဆိုပါတယ်။

 

Photo Credit: Daily Star

အသက် ၂၄နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံ ကစားသမား ရစ်ချာလီဆန်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမားတွေထဲက တဦး ဖြစ်သလို နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ရရှိထားသူ ဖြစ်တာကြောင့် ပီအက်စ်ဂျီရဲ့ စိတ်ဝင်စားမှုကို ရရှိနေတာ ဖြစ်ပါတယ်။

အဲဗာတန်အသင်းက သူတို့အသင်းရဲ့ အဓိက ကစားသမားကို လက်လွှတ်လိုခြင်း မရှိပေမယ့် ရစ်ချာလီဆန် ကတော့ လက်ရွေးစင် အသင်းဖော်တွေ ဖြစ်တဲ့ မာကွင်ဟို ၊ နေမာတို့ ရှိတဲ့ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ပီအက်စ်ဂျီအသင်းဟာ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင် သုံးစွဲပါက ရစ်ချာလီဆန်ကို ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။