ပြင်သစ်အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းမှာ နေရာမရတဲ့ ပေါ်တူဂီ လူငယ် ညာနောက်ခံ ကစားသမား ဒါးလော့ ကို ခေါ်ယူဖို့ အတွက် မျက်စိကျနေတယ် လို့ ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ လက်ရှိအချိန်မှာ ချန်ပီယံလိဂ် ဖိုင်နယ်ကို အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် တက်လှမ်းထားနိုင်တဲ့ ပီအက်စ်ဂျီအသင်းဟာ လာမယ့် ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆက်လက် အောင်မြင်စေဖို့ အတွက် လူအင်အား ဖြည့်တင်းမှုတွေကို ပြုလုပ်ဖို့ ကြိုးစားနေပြီး လတ်တလောမှာတော့ အသင်းရဲ့ အဓိက အားနည်းချက် တစ်ခုလို ဖြစ်နေတဲ့ ညာနောက်ခံ နေရာအတွက် ဒါးလော့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတာပါ။

Photo Credit: Team Talk

ပီအက်စ်ဂျီအသင်းဟာ လက်ရှိမှာ ဥရောပရဲ့ လူအင်အား အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်နေပေမယ့် သူတို့အသင်းရဲ့ အကြီးမားဆုံး အားနည်းချက်ဟာ ခံစစ်ကြောင်းမှာ ရှိနေခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ ခံစစ်မှာ သီယာဂို ဆေးလ်ဗား ၊ မာကွင်ဟို ၊ ကင်ပမ်ဘီ ၊ ဘားနက် ၊ ခါရာ စတဲ့ ကစားသမားတွေ ရှိနေခဲ့ပေမယ့် ညာတောင်ပံ ခံစစ် ကစားသမား စစ်စစ် ရှိမနေပဲ လက်ရှိမှာတော့ ဗဟိုခံစစ် ကစားသမား ခါရာက ညာတောင်ပံ ခံစစ်နေရာမှာ ကစားနေရပါတယ်။ ဒါ့ကြောင့်လည်း ပီအက်စ်ဂျီအသင်း ဟာ အလားအလာကောင်းတွေ ရှိနေပေမယ့် မန်ယူအသင်းမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ ဒါးလော့ ကို အသင်းထံ ခေါ်ယူဖို့ စဉ်းစားနေတာ ဖြစ်ပြီး မကြာမီမှာတော့ တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်တော့မယ် လို့ ပေါ်တူဂီအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

Photo Credit: Team Talk

အသက်၂၁နှစ်အရွယ်သာ ရှိသေးတဲ့ ဒါးလော့ ဟာ မန်ယူအသင်းထံကို ပေါ်တူဂီကလပ် ပေါ်တိုအသင်းကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းကို ရောက်ရှိကာစမှာ ခံစစ်ဗျူဟာတွေနဲ့ ပတ်သတ်ရင် ဆရာတစ်ဆူ ဖြစ်တဲ့ မော်ရင်ဟိုရဲ့ ချီးမွမ်းမှုတွေကိုတောင် ရရှိခဲ့တဲ့ ကစားသမားပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒါးလော့ဟာ ဒဏ်ရာ ပြဿနာတချို့ ရရှိကာ ရုန်းကန်ခဲ့ရပြီး လက်ရှိ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားကလည်း သူ့ကို သဘောမကျတာကြောင့် ယခု နွေစျေးကွက်အတွင်းမှာ အသင်းပြောင်းဖို့ ရှိနေပါတယ်။ ဥရောပ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရတော့ ပီအက်စ်ဂျီအသင်း ဟာ မန်ယူအသင်းနဲ့အတူ ၂၀၂၃ ခုနှစ်အထိ စာချုပ် သက်တမ်း ရှိနေတဲ့ ဒါးလော့အတွက် မန်ယူအသင်းကို ပြောင်းရွှေ့ကြေး ယူရို၂၅သန်း ဝန်းကျင် ပေးချေရဖို့ ရှိနေတယ်လို့ သိရပြီး ဒါးလော့ ကတော့ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ ကစားဖို့ အတော်လေးကို စိတ်အားထက်သန် နေကြောင်းလည်း သိရှိရပါတယ်။