ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာတော့ ပြင်သစ်အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းဟာ စပိန် လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲထားတဲ့ စပိန်ဝါရင့် နောက်ခံလူ ဆာဂျီယို ရာမို့စ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူကာ ၂နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် စပိန်ဝါရင့် နောက်ခံလူ ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်ခဲ့ပြီးမှ အမှတ်မထင် စာချုပ်ကိစ္စအတွက် ဆွေးနွေးမှုတွေ အားလုံးဟာ ပျက်ပြယ်ခဲ့တာကြောင့် ရာမို့စ်က သူ့မှာ ခြေစွမ်းကောင်းတွေ ကျန်သေးတာကို ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ်ကို သက်သေပြနိုင်ဖို့ ကမ်းလှမ်းမှုတွေ အများကြီး ရရှိတဲ့ အထဲက ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Photo Credit: BeSoccer

ရာမို့စ်ရဲ့ ပီအက်စ်ဂျီအသင်းနဲ့ ဆေးစစ်မှုတွေကိုတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆေးစစ်မှုမှာ ရာမို့စ်ရဲ့ ကြံ့ခိုင်မှု အခြေအနေဟာ ပီအက်စ်ဂျီအသင်းရဲ့ အသင်းဆရာဝန်တွေကို အံ့အားသင့်စေခဲ့ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားပါတယ်။

ရာမို့စ်ဟာ ယခု ၂၀၂၁ခုနှစ် အတွင်းမှာ ပြင်းထန်တဲ့ ဒဏ်ရာနှစ်ခု ရခဲ့တာကြောင့် ကာလရှည် အနားယူခဲ့ရပြီး အဆိုပါ ဒဏ်ရာတွေကြောင့်ပဲ ယူရို၂၀၂၀ပြိုင်ပွဲဝင် စပိန်အသင်း ကနေ ချန်လှပ်ခံခဲ့ရပါတယ်။

Photo Credit: BeSoccer

ဒါပေမယ့် ပီအက်စ်ဂျီအသင်းနဲ့ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့တဲ့ အချိန်မှာတော့ ရာမို့စ်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုဟာ ဆရာဝန်တွေ အားလုံးကို အံ့အားသင့်စေခဲ့သလို ရာမို့စ်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ထိန်းသိမ်းတဲ့ နည်းလမ်းတွေ အားလုံးကလည်း ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားတွေ အတုယူသင့်တဲ့ နည်းလမ်းတွေ ဖြစ်ကြောင်း ပီအက်စ်ဂျီ အသင်းရဲ့ ဆရာဝန် မိုဟာမက် ဘူရာဇီက ပြောကြားခဲ့ပါတယ်။

ရာမို့စ်ရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သတ်ပြီး ဒေါက်တာ မိုဟာမက် ဘူရာဇီက – “ဗုဒ္ဓဟူးနေ့ နေ့လည်ခင်းမှာပဲ ရာမို့စ်ဟာ ဆေးစစ်မှုကို အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ ကြံ့ခိုင်မှု ရလဒ်တွေက အားလုံးကို ဆွံ့အစေခဲ့ပါတယ်။ ပီအက်စ်ဂျီမှာ ရှိနေတဲ့ လူတွေ အားလုံးက ပြီးပြည့်စုံလွန်းတဲ့ ရာမို့စ်ရဲ့ ကြံ့ခိုင်မှု ထိန်းသိမ်းတဲ့ နည်းလမ်းတွေကို မြင်ခဲ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုမှာလည်း အားလုံးရဲ့ အထင်ကြီးမှုကို ရာမို့စ်က ရခဲ့ပါတယ်။ သူ့ရဲ့ ဆေးစစ်ချက် ရလဒ်တွေက အရမ်းကောင်းပါတယ်” လို့ ပြောကြားခဲ့တာပါ။