ပီအက်စ်ဂျီအသင်းကတော့ အသင်း ကွင်းလယ်ပိုင်းအတွက် ဂျာအို နေးဗက်စ်ကို ခေါ်ယူဖို့ နီးစပ်လျက် ရှိနေချိန်မှာ ဘိုင်ယန်မြူးနစ်ရဲ့ ဂျာမနီ ကွင်းလယ်ကစားသမား ဂျိုရှုအာ ကင်မစ်ချ်ကိုပါ ထပ်မံ ချိန်ရွယ်လာခဲ့ပြန်ပြီး ဘိုင်ယန်နဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေပြီလို့ Foot Mercato ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ စူပါစတား ကြယ်ပွင့်ကစားသမား ကီလီယန် အမ်ဘာပေကို အသင်းကနေ free transfer နဲ့ စွန့်လွတ်လိုက်ရချိန်မှာ အသင်းအတွက် လက်ရှိအချိန်အထိ ဂိုးသမားနေရာအတွက်သာ ကစားသမားသစ် ဖြည့်တင်းထားခဲ့ရပြီး အသင်းကနေတော့ ဘာပေအပြင် အက်ခီတီခီ ကာဇာဝါနဲ့ နာဗက်စ်တို့ ထွက်ခွာသွားခဲ့ပါတယ်။

Photo Credit : Youtube

ပီအက်စ်ဂျီအနေနဲ့ ဘာပေ ထွက်ခွာသွားလို့ တိုက်စစ်ပိုင်း အားဖြည့်မှု လုပ်ဆောင်ဖို့ လိုအပ်ပေမယ့်လည်း ဒမ်ဘီလီ ရာမို့စ် ဘာကိုလာ မူအာနီ အဆန်စီယို လီကန်အင်တို့ ရှိနေတဲ့ တိုက်စစ်ပိုင်းက အားကောင်းနေတာမို့ ကွင်းလယ်ပိုင်းအတွက်ကိုပဲ အင်အားဖြည့်ဖို့ လုပ်ဆောင်လာခဲ့ပြီး အသင်းကနေလည်း အူဂါတေးနဲ့ ရီနာတို ဆန်းချက်စ်တို့ကိုပါ ရှင်းထုတ်ဖွယ်လည်း ရှိနေပါတယ်။

လက်ရှိမှာတော့ ပီအက်စ်ဂျီက ဘင်ဖီကာအသင်းရဲ့ ပေါ်တူဂီ ဆယ်ကျော်သက် ကွင်းလယ်ကစားသမားလေး ဂျာအို နေးဗက်စ်ကို ခေါ်ယူသွားနိုင်ဖို့ အတော်လေး နီးစပ်နေသလို ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၇၀)အပြင် ရီနာတို ဆန်းချက်စ်ကိုပါ အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေးသွားဖို့ပါ ရှိနေပါတယ်။

Photo Credit : Tribuna

ပီအက်စ်ဂျီက ဂျာအို နေးဗက်စ်ကို ခေါ်ယူလိုက်နိုင်မယ်ဆိုရင် အူဂါတေးကိုလည်း မန်ယူနိုက်တက်အသင်းဆီ ရောင်းချဖို့ ရှိနေတာကြောင့် နေးဗက်စ် ဖာဘီယန်ရုစ်ဇ် ဗီတင်ညာ အမ်မရီ ဆိုလာတို့ရဲ့ ကွင်းလယ်အစုအဖွဲ့ထဲကို ကင်မစ်ချ်လို အတွေ့အကြုံရှိ အရည်အသွေးမြင့် ကွင်းလယ်လူတစ်ဦးကိုပါ ထပ်မံ ဖြည့်တင်းသွားဖို့ပါ ပြင်ဆင်လာခဲ့ပါတယ်။

အသက် (၂၉)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဂျာမနီ လက်ရွေးစင် ကွင်းလယ်လူ ကင်မစ်ချ်ဟာ လက်ရှိမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်တည်းသာ ကျန်ရှိနေတော့ပြီး စာချုပ်သက်တမ်း တိုးမြှင့်ဖို့ကလည်း မသေချာတော့တဲ့အချိန်မှာ ပီအက်စ်ဂျီက ကင်မစ်ချ်အတွက် ဘိုင်ယန်ဘက်က ပြောင်းရွှေ့ကြေး ဘယ်လောက်အထိ သတ်မှတ်ထားသလဲ ဆိုတာနဲ့ ကင်မစ်ချ်ရဲ့ လစာအနေအထားတွေကို စုံစမ်းခဲ့ပြီး ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေပါတယ်။