ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ နေမာနဲ့ အမ်ဘာပေတို့ကို စာချုပ်သက်တမ်း တိုးဖို့ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပီအက်စ်ဂျီ အသင်းရဲ့ ဒါရိုက်တာ ဖြစ်သူ လီယိုနာဒိုက အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ ဘရာဇီးလ် တိုက်စစ်မှူး နေမာနဲ့ ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေတို့ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၁၀ဦး စာရင်းဝင် တိုက်စစ်မှူး နှစ်ဦးဖြစ်သလို ပီအက်စ်ဂျီအသင်းရဲ့ အသက်သွေးကြောတွေ ဖြစ်ကြပြီး သူတို့နှစ်ဦး မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာ ပီအက်စ်ဂျီအသင်းဟာ အနိုင်ရဖို့ ခက်ခက်ခဲခဲ ရုန်းကန် ရလေ့ ရှိပါတယ်။

Photo Credit: Metro

အသက် ၂၈နှစ် အရွယ် ဘရာဇီးလ် တိုက်စစ်မှူး နေမာဟာ လက်ရှိ ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်း အတွက် ပြိုင်ပွဲစုံမှာ ၆ပွဲ ပါဝင် ကစားပေးထားပြီး ၂ဂိုး သွင်းယူပေးထားကာ ၄ဂိုး ဖန်တီး ပေးထားပြီး နေမာဟာ ပီအက်စ်ဂျီ အသင်းနဲ့ ၂၀၂၂ခုနှစ် အထိပဲ စာချုပ်သက်တမ်း ကျန်ရှိတော့သူ ဖြစ်ပါတယ်။ အသက် ၂၁နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေဟာ လက်ရှိ ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၈ပွဲ ပါဝင် ကစားပေးထားပြီး ၇ဂိုး သွင်းယူပေးထားကာ ၇ဂိုးအထိ ဖန်တီးပေးထားနိုင်သူ ဖြစ်ပြီး အမ်ဘာပေ ဟာလည်း ၂၀၂၂ခုနှစ်မှာ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့်သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပီအက်စ်ဂျိီ အသင်းဟာ နေမာနဲ့ အမ်ဘာပေတို့ကို စာချုပ် သက်တမ်းတိုးဖို့ လုပ်ဆောင်နေတာပါ။

Photo Credit: Metro

နေမာနဲ့ အမ်ဘာပေတို့ကို စာချုပ်သက်တမ်း တိုးဖို့ လုပ်ဆောင်နေတဲ့ အကြောင်းကို လီယိုနာဒိုက “ ကျွန်တော်တို့က နေမာ ၊ အမ်ဘာပေနဲ့ ဒီမာရီယာတို့ကို စာချုပ်သက်တမ်း တိုးဖို့ စတင် လုပ်ဆောင်နေပါပြီ။ ပီအက်စ်ဂျီ အသင်းဟာ ဒီရာသီမှာ ကိုရိုနာဗိုင်းရပ် ပြဿနာကြောင့် ဘဏ္ဏာရေးအရ အကြပ်အတည်း တချို့ ရှိနေတာကြောင့် အခုချိန်မှာ အနည်းငယ် ရှုပ်ထွေးတဲ့ အနေအထား တစ်ခုမှာ ရှိနေပါတယ်။ ဒါ့ကြောင့် စာချုပ်သစ် အတွက် ဆွေးနွေးရာမှာ လွယ်ကူမှုတော့ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ နေမာ ၊ အမ်ဘာပေတို့နဲ့ တိုက်ရိုက် စကားပြောဆိုနေပါတယ်” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။ ဆက်စပ် သတင်းတွေ အရတော့ ပီအက်စ်ဂျီ အသင်းဟာ ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ဖြစ်တဲ့ ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း သိရပါတယ်။