ပြင်သစ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ တိုက်စစ်မှူး အမ်ဘာပေရဲ့နေရာမှာ အစားထိုးဖို့ အတွက် ဂျူဗင်တပ်အသင်း ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို ခေါ်ယူချင်နေကြောင်း ကာတာအခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ် ပီအက်စ်ဂျီအသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘာပေဟာ စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ပေးဖို့ တရားဝင် တောင်းဆိုမှု ပြုလုပ်ထားပြီး ရီးရဲလ်မက်ဒရစ်ကလည်း အမ်ဘာပေကို ပြောင်းရွှေ့ကြေး ယူရို ၁၆၀သန်းနဲ့ ကမ်းလှမ်းထားပါတယ်။

Photo Credit: Metro

ပီအက်စ်ဂျီအသင်း ကတော့ အမ်ဘာပေအတွက် ပြောင်းရွှေ့ကြေး ယူရို၂၂၀သန်း ဝန်းကျင် အလိုရှိနေပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ယူရို ၁၆၀သန်းတန် ကမ်းလှမ်းမှုကိုလည်း ပယ်ချထားကာ နောက်ဆုံး သိရှိရတဲ့ သတင်းတွေအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့ ကမ်းလှမ်းမှုကို တိုးမြှင့်ပေးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ဒါကြောင့် ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေကို ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ လက်လွှတ်ရဖို့ ရှိနေပြီး အမ်ဘာပေရဲ့ နေရာကို အစားဝင်နိုင်မယ့် ကစားသမားတွေကို စတင် ရှာဖွေနေကာ ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌ အယ်ခါလိုင်ဖီနဲ့ နီးစပ်သူတွေ ကတော့ ရိုနယ်ဒိုကို ခေါ်ယူဖို့ တိုက်တွန်းထားကြပါတယ်။

Photo Credit: AS English

အသက် ၃၆နှစ် အရွယ် ရိုနယ်ဒိုဟာ ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိနေပေမယ့် လက်ရှိအထိ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်တွေကို ပြသထားနိုင်ဆဲ ဖြစ်ပြီး ပီအက်စ်ဂျီအသင်းဟာ ရိုနယ်ဒိုကို ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းထဲနဲ့ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ်မန်ဒက်ဟာ ဂျူဗင်တပ်အသင်း အခြေစိုက်ရာ တူရင်မြို့ကို ရောက်ရှိနေပြီး ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ကာ ရိုနယ်ဒိုကတော့ ပီအက်စ်ဂျီအသင်းထက် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ စီးတီးအသင်းဆီသာ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန်နေပေမယ့် ပီအက်စ်ဂျီအသင်းကသာ စိတ်ဝင်တစား ကမ်းလှမ်းခဲ့ရင် မက်ဆီနဲ့အတူ ပူးပေါင်းဖို့ ဆန္ဒရှိနိုင်ပါတယ်။