ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီဟာ စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ ပြင်သစ် တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အူစမာနီ ဒမ်ဘီလီဟာ ဘာစီလိုနာရဲ့ သမိုင်းတလျှောက် ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမား ၁၀ဦး စာရင်းဝင်သူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ ရှိနေသလို စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်ထားသူလည်း ဖြစ်ပါတယ်။

Photo Credit: The Sun

ကနဦးမှာ ဘာစီလိုနာက ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုဖို့ အစွမ်းကုန် ကြိုးပမ်းခဲ့ပေမယ့် ဒမ်ဘီလီဟာ စာချုပ်သစ်မှာ တနှစ် လုပ်ခလစာ ယူရို ၃၀သန်း ဝန်းကျင် အထိ ရရှိလိုနေတာကြောင့် ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေမှုအား ရပ်တန့်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဘာစီလိုနာဟာ ဒမ်ဘီလီကို ရာသီကုန် အထိ အသင်းမှာ ဆက်ထားဖို့ထက် ယခု ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီကလည်း ဒမ်ဘီလီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့ အတွက် ဘာစီလိုနာနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဘာစီလိုနာက ဒမ်ဘီလီ အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် အထိ လိုချင်နေတာကြောင့် သဘောတူညီမှု ရရှိဖို့ အနည်းငယ် ခက်ခဲနေကြောင်း သိရပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီဟာ ဒမ်ဘီလီကို ယခု အပြောင်းအရွှေ့မှာပဲ ခေါ်ယူဖို့ ဆုံးဖြတ်ထားသလို ဘာစီလိုနာကလည်း ဒမ်ဘီလီကို ရောင်းချပြီးနောက် အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းကို အငှားနဲ့ ခေါ်ယူဖို့ စီစဉ်နေတာကြောင့် နှစ်သင်းကြားမှာ ဒမ်ဘီလီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး သဘောတူညီမှု ရရှိဖွယ် ရှိကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။