ပြင်သစ် လီဂူးဝမ်း အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ လီယိုနာဒို ကတော့ သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ အတွက် အဆင်သင့် ပြင်ဆင်ထားကြောင်း အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဘာစီလိုနာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား ဖြစ်ပြီး လက်ရှိ အချိန်အထိလည်း အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ မရေရာတဲ့ အနေအထားမှာ ရှိနေတဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: France Football

မက်ဆီဟာ သူ့ရဲ့ ကစားသမား ဘဝ တစ်လျှောက်လုံးကို ဘာစီလိုနာ အသင်း တစ်သင်းထဲမှာသာ မြှုပ်နှံခဲ့သူ ဖြစ်ပေမယ့် ယခုနှစ် ဘောလုံးရာသီ အစမှာတော့ အသင်းရဲ့ အနာဂတ် ရည်မှန်းချက်တွေ ၊ အသင်းဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို မနှစ်သက်တာကြောင့် အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တရားဝင် တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ အသင်းဟာ မက်ဆီကို ရောင်းချဖို့ အတွက် ငြင်းဆန်ခဲ့ပြီး မက်ဆီကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းခဲ့ပါတယ်။ မက်ဆီကတော့ ရာသီအစမှာ ဘာစီလိုနာအသင်း ကနေ ထွက်ခွာချင်ခဲ့ကြောင်း ဆိုထားပေမယ့် မကြာမီက ပြုလုပ်ထားတဲ့ အင်တာဗျူး တစ်ခုမှာတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ရာသီကုန်မှသာ အပြီးသတ် ဆုံးဖြတ်မှာ ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ မက်ဆီကို ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့က အဓိက ကြိုးပမ်းနေပါတယ်။

Photo Credit: France Football

ပီအက်စ်ဂျီအသင်း အနေနဲ့ မက်ဆီကို ခေါ်ယူဖို့ အတွက် အဆင်သင့် ပြင်ဆင်ထားတဲ့ အကြောင်းကို လီယိုနာဒိုက “မက်ဆီလိုမျိုး ကြီးကျယ်တဲ့ ကစားသမားတွေဟာ ပီအက်စ်ဂျီအသင်းက ခေါ်ယူမယ့် ကစားသမား စာရင်းမှာ အမြဲတမ်း ပါဝင်နေပြီးသားပါ။ ဒါပေမယ့် လက်ရှိအချိန်က အဲ့ဒီအကြောင်းကို ပြောရမယ့် အချိန်မဟုတ်သလို အဲ့ဒီကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ကူးယဉ်နေရမယ့် အချိန်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က မက်ဆီရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ကမ်းလှမ်းဖို့လည်း အဆင်သင့် ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ဟာ မက်ဆီနဲ့ ဆွေးနွေးမှုတွေ မလုပ်ရသေးဘူး ဆိုပေမယ့် ကျွန်တော်တို့က မက်ဆီနဲ့ ဆွေးနွေးဖို့ အဆင်သင့်ပါပဲ။ ၄လ ဆိုတဲ့ အချိန်က ဘောလုံးလောက မှာတော့ အရမ်းကို ရှည်ကြာလွန်းပါတယ်။ အထူးသဖြင့် ဒီလို အချိန်မှာပေါ့” လို့ ပြောကြား သွားခဲ့တာပါ။