ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ ရီးယဲလ်မက်ဒရစ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်ဟာ အသင်းကို ရောက်လာခါစကနေ အခုချိန်ထိ ဒဏ်ရာပြသာနာကြောင့် အသင်းအတွက် တစ်ပွဲလေးမှကို ပါဝင်ကစားနိုင်ခြင်း မရှိတဲ့အပေါ် ပီအက်စ်ဂျီဘက်ကနေ စိတ်ပျက်လာခဲ့ရပြီး ကစားသမားနဲ့ စာချုပ်ဖျက်သိမ်းဖွယ်ပါ ရှိနေတယ်လို့ ပြင်သစ်သတင်းမီဒီယာ Le Parisien ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၅)နှစ်အရွှယ်ရှိ စပိန်ဝါရင့် နောက်ခံကစားသမားကြီး ရာမို့စ်ဟာ ရီးယဲလ်အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီးတဲ့နောက်မှာ သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ ပီအက်စ်ဂျီအသင်းကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပြီး ၂၀၂၃ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရာမို့စ်က ပီအက်စ်ဂျီအသင်းကို စတင်ပြောင်းရွှေ့လာကတညးက ခြေထောက်ဒဏ်ရာ ခံစားနေရတာဖြစ်လို့ အသင်းရဲ့ ပွဲစဉ်တွေကို ဝင်ရောက်မကစားရသေးတာဖြစ်သလို အခုထိလည်း ဒီဒဏ်ရာ အခြေအနေက ဘာမှမတိုးတတ်လာသေးတာကြောင့် အသင်းအတွက် တစ်ပွဲမှကို မကစားရထားသေးပဲ အနားယူနေရတာ ဖြစ်ပါတယ်။

Photo Credit : Marca

အောင်မြင်မှုတွေများစွာ ရယူနိုင်ခဲ့တဲ့ ဝါရင့်နောက်ခံကစားသမားကြီး ရာမို့စ်ဟာ ရီးယဲလ်အသင်းနဲ့ နောက်ဆုံးရာသီမှာလည်း ကြွက်သားဒဏ်ရာ ပြသာာနာကြောင့် အသင်းရဲ့ နောက်ပိုင်းပွဲအများစုကို လွဲချော်ခဲ့ရတာဖြစ်သလို ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာသာ ဝင်ရောက်ကစားခဲ့နိုင်တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရာမို့စ်ဟာ သူရဲ့အသင်းသစ် ပီအက်စ်ဂျီအသင်းအတွက် သြဂုတ်လ စက်တင်ဘာလ အောက်တိုဘာလ (၃)လဆက်တိုက်အထိကို ပါဝင်ကစားနိုင်ပေးခြင်း မရှိသေးတာကြောင့် ဒီအခြေအနေအပေါ် ပီအက်စ်ဂျီအသင်းဘက်ကနေ စိတ်ပျက်လို့နေတာကြောင့် ရာမို့စ်ကို ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်ကို ဖျက်သိမ်းလိုက်ဖို့အထိပါ စဉ်းစားလာခဲ့တယ်လို့ Le Parisien ကနေ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာ မက်ဆီအပါအဝင် ဂိုးသမားဒွန်နာရမ်မာ ဆာဂျီယိုရာမို့စ် ဝိုင်နယ်လ်ဒမ်းတို့လို ထိပ်တန်းကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့သလိုဟာခီမီ မန်ဒက်စ်တို့ကိုလည်း ပြောင်းရွှေ့ကြေးများစွာနဲ့ ခေါ်ယူအားဖြည့်ခဲ့ပေမယ့် ရာမို့စ်တစ်ယောက်တည်းသာ အခုထိ အသင်းနဲ့ ပွဲမထွက်နိုင်သေးတာ ဖြစ်ပါတယ်။