MySport Myanmar

ပိုချက်ကို တစ်ရာသီ ဆက်ထားရှိပြီး ၂၀၂၃မှ ဂွာဒီယိုလာကို ခန့်အပ်သွားမယ့် ပီအက်စ်ဂျီ

ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်သွားနိုင်ဖို့အတွက် လက်ရှိအသင်းနည်းပြ ပိုချက်တီနိုကို လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ တစ်ရာသီအထိ အသင်းမှာ ဆက်လက်ထားရှိမှာဖြစ်ပြီး ၂၀၂၃ခုနှစ်မှသာ ဂွာဒီယိုလာကို နည်းပြသစ်ရာထူး ပေးအပ်သွားနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ သိရှိရပါတယ်။

Photo Credit : Eurosport

ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း (၁၆)သင်းအဆင့်ဆီကိုသာ ပို့ဆောင်ထားနိုင်ခဲ့ပြီး လီဂူးဖလားတစ်လုံးကိုသာ ရယူပေးနိုင်ခဲ့တဲ့ နည်းပြပိုချက်တီနိုကို အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်သွားချင်နေပေမယ့် ပိုချက်တီနိုက မကြာသေးခင်ကမှ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးထားတဲ့ အသင်းကြယ်ပွင့် ဘာပေရဲ့ ထောက်ခံအားပေးမှုကို ရရှိထားခဲ့တာကြောင့် ပီအက်စ်ဂျီဘက်က ပိုချက်တီနိုကို သူရဲ့စာချုပ်သက်တမ်း ကျန်ရှိနေချိန် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီထိ အသင်းမှာ ဆက်လက်ထားရှိဖွယ် ရှိနေပါတယ်။

Photo Credit : The Sun

ပီအက်စ်ဂျီက မက်ဇ်အသင်းကို (၅)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ လီဂူးပွဲစဉ်အပြီးမှာ ပိုချက်တီနိုကိုယ်တိုင်က သူ့အနေနဲ့ ပီအက်စ်ဂျီအသင်းမှာ ဆက်လက်ရှိနေမယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့သလို အသင်းအောင်မြင်ဖို့အတွက် ဆက်လက်လုပ်ဆောင်ပေးသွားဖို့ အသင့်ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ ဒီအခြေအနေမှာ ပီအက်စ်ဂျီအသင်းဘက်ကလည်း ပိုချက်တီနိုကို သူရဲ့စာချုပ်မပြည့်ခင် ထုတ်ပယ်မယ်ဆိုရင် စာချုပ်လျော်ကြေး ပေးဆောင်ရမှာဖြစ်လို့ လက်ကျန်စာချုပ်သက်တမ်း တစ်နှစ်ကို အသင်းနဲ့သာ ကုန်ဆုံးစေပြီး သူရဲ့စာချုပ်ပြည့်ချိန်မှသာ ထပ်မံသက်တမ်းမတိုးတော့ပဲ လက်တွဲဖြုတ်သွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ပိုချက်တီနိုရဲ့နေရာကို မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာနဲ့ ပြန်လည်အစားထိုးသွားဖို့ထိပါ စီစဉ်ထားခဲ့တယ်လို့လည်း သိရပါတယ်။

Photo Credit : The Sun

ဂွာဒီယိုလာဟာလည်း ပိုချက်တီနိုလိုပဲ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး မန်စီးတီးအသင်းနဲ့ ၂၀၂၅ခုနှစ်အထိ သက်တမ်းတိုးဖို့ပါ သဘောတူညီမှု ရယူထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက်က တရားဝင် မဖြစ်လာသေးခင်မှာ ပီအက်စ်ဂျီဘက်က ဂွာဒီယိုလာကို ဆက်သွယ်ထားမှာဖြစ်သလို တကယ်လို့ ဆက်သွယ်မှုက အဆင်ပြေခဲ့မယ်ဆိုရင်တော့ ၂၀၂၃ခုနှစ်မှာပဲ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖွယ် ရှိနေပါတယ်။

Exit mobile version