ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ၅ပွဲမြောက် ချန်ပီယံလိဂ် အုပ်စုပွဲမှာ နယူးကာဆယ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပေမယ့် အနိုင်မကစားနိုင်ခဲ့တာကြောင့် အုပ်စုတက်ဖို့ ရုန်းကန်ရပါတော့မယ်။

ပီအက်စ်ဂျီက ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဒေါ့မွန် ၊ အေစီမီလန် ၊ နယူးကာဆယ် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပြီး အုပ်စု ပထမအကျော့တွေ အပြီးမှာ အဆင့်(၁)နေရာကို ရရှိခဲ့ပေမယ့် အုပ်စု စတုတ္ထပွဲမှာ ရှုံးပွဲနဲ့ ကြုံခဲ့ရသလို ယနေ့မနက်မှာလည်း နယူးကာဆယ်ကို အနိုင် မကစားနိုင်ခဲ့ပါဘူး။

Photo Credit: Euro Sports

ပီအက်စ်ဂျီနဲ့ နယူးကာဆယ်တို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အုပ်စုတက်နိုင်ဖို့ အတွက် အနိုင်ရလဒ် ရရှိရေးကို ဦးစားပေး ကစားခဲ့ကြပြီး ပီအက်စ်ဂျီက နယူးကာဆယ်ကို တပွဲလုံးနီးပါး ဖိအားပေး တိုက်စစ်ဆင် ကစားနိုင်ခဲ့ပေမယ့် လိုချင်တဲ့ အနိုင်ရလဒ်ကို မရခဲ့ပါဘူး။

အဆိုပါပွဲမှာ ဧည့်သည် နယူးကာဆယ်က ပွဲချိန် ၂၄မိနစ်မှာ ရရှိခဲ့တဲ့ တိုက်စစ်မှူး အိုင်ဆက်ရဲ့ သွင်းဂိုးကြောင့် ပွဲကို ဦးဆောင်ခွင့် ရရှိခဲ့ပြီး ဦးဆောင်ဂိုး ရရှိပြီးနောက် နယူးကာဆယ်က ခံစစ်ကို အသေပိတ်ကာ အနိုင် ၃မှတ် ရယူဖို့ အတွက် ကြိုးစားခဲ့သလို ပီအက်စ်ဂျီကလည်း ချေပဂိုး ပြန်ရဖို့ တရစပ် တိုက်စစ်ဆင်ခဲ့ပါတယ်။

ပွဲချိန် ၉၅မိနစ်မှာတော့ ပီအက်စ်ဂျီ တောင်ပံကစားသမား ဒမ်ဘီလီရဲ့ ဖြတ်တင်ဘောက နယူးကာဆယ် နောက်ခံလူ လစ်ရာမန်တိုရဲ့ လက်ကို ထိသွားခဲ့တာကြောင့် ပီအက်စ်ဂျီတို့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး အဆိုပါပင်နယ်တီကို အသင်းခေါင်းဆောင် အမ်ဘာပေက အမှားအယွင်း မရှိ ကန်သွင်းနိုင်ခဲ့တာကြောင့် ပီအက်စ်ဂျီဟာ အိမ်ကွင်းမှာ ရှုံးပွဲနဲ့ မကြုံတွေ့ခဲ့တာပါ။

Photo Credit: PSG Talk

အိမ်ကွင်းမှာ ရှုံးပွဲနဲ့ မကြုံခဲ့ပေမယ့် အုပ်စု ၅ပွဲ အပြီးမှာ ရမှတ် ၇မှတ်သာ စုဆောင်းထားနိုင်တာကြောင့် ပီအက်စ်ဂျီက အုပ်စုရဲ့ ဒုတိယနေရာမှာသာ ရှိနေသေးပြီး အုပ်စုတက်ဖို့ မသေချာသေးသလို အုပ်စုအဆင့်ကို ကျော်ဖြတ်ချင်ရင် နောက်ဆုံးပွဲမှာ ဒေါ့မွန်ကို မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ်နေကာ တဖက်မှာတော့ အေစီမီလန်ကို အဝေးကွင်းမှာ နိုင်ခဲ့တဲ့ ဒေါ့မွန်က ရမှတ် ၁၀မှတ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့ သေချာသွားပါပြီ။

ပီအက်စ်ဂျီက တတိယနေရာနဲ့ စတုတ္ထနေရာမှာ ရှိနေတဲ့ နယူးကာဆယ်(၅မှတ်)နဲ့ အေစီမီလန်(၅မှတ်)တို့ထက် ရမှတ် ၂မှတ် ပိုသာနေပေမယ့် အကယ်၍ အုပ်စုနောက်ဆုံးပွဲမှာသာ ရှုံးနိမ့်သွားခဲ့ရင် နယူးကာဆယ်နဲ့ အေစီမီလန်ပွဲမှာ အနိုင်ရမယ့် အသင်းက အုပ်စု ဒုတိယနေရာနဲ့ နောက်တဆင့်ဆီ တက်လှမ်းခွင့် ရသွားမှာ ဖြစ်သလို အုပ်စုနောက်ဆုံးပွဲမှာ သရေရလဒ် ရအောင် ကစားနိုင်မယ် ဆိုရင်လည်း တဖက်မှာ နယူးကာဆယ်က အေစီမီလန်ကို ၂ဂိုးပြတ် အနိုင်ရသွားရင် အုပ်စု ဒုတိယနေရာကို ရောက်လာမှာ ဖြစ်တာကြောင့် ပီအက်စ်ဂျီဟာ အုပ်စုနောက်ဆုံးပွဲမှာ ဒေါ့မွန်ကို အဝေးကွင်းမှာ မဖြစ်မနေ အနိုင်ကစားမှသာ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့ သေချာမှာပဲ ဖြစ်ပါတယ်။