ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီဟာ သူတို့အသင်းရဲ့ လက်ရှိနည်းပြ ပိုချက်တီနိုရဲ့ စွမ်းဆောင်ရည်တွေကို သဘောမကျတာကြောင့် ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ကာ အသင်းလက်မဲ့ ဖြစ်နေတဲ့ နာမည်ကြီး ပြင်သစ်လူမျိုး နည်းပြဖြစ်သူ ဇနက်ဒင်း ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ပြင်ဆင်နေကြောင်း ပြင်သစ်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားခဲ့ကြပါတယ်။

ပီအက်စ်ဂျီဟာ လက်ရှိနည်းပြ ပိုချက်တီနိုကို ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီထဲက ခန့်အပ်ခဲ့တာ ဖြစ်ပြီး ပိုချက်တီနိုရဲ့ လက်အောက်မှာ ပီအက်စ်ဂျီက နှစ်စဉ် နှစ်တိုင်းလိုလို သိမ်းပိုက်နိုင်ခဲ့တဲ့ ပြင်သစ် လီဂူးဝမ်း လိဂ်ဖလားကို လက်လွှတ်ခဲ့ရသလို ယခုနှစ် ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ စောစောစီးစီး လှည့်ပြန်ခဲ့ရပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ပီအက်စ်ဂျီ ဘုတ်အဖွဲ့က ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ပိုချက်တီနိုနဲ့ လမ်းခွဲဖို့ စဉ်းစားနေတာ ဖြစ်ပြီး ပိုချက်တီနိုရဲ့ နေရာအတွက် ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းကို ခေါ်ယူ ခန့်အပ်ဖို့ ဆွေးနွေးမှုတွေလည်း စတင် ပြုလုပ်နေပါပြီ။

အသက် ၄၉နှစ် အရွယ် ပြင်သစ်လူမျိုး ထိပ်တန်းနည်းပြ ဖြစ်သူ ဇနက်ဒင်း ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြတဦး ဖြစ်ပြီး ဇီဒန်းက ပြင်သစ် လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။

Photo Credit: Marca

ဒါပေမယ့် ပြင်သစ် ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြင်သစ်နည်းပြ ဒက်စ်ချမ့်အပေါ် စိတ်ရှည်မှုတွေကြောင့် ဇီဒန်းက ပြင်သစ်အသင်းကို စောင့်ဆိုင်းနေရင်း သူ့ရဲ့ မွေးရပ်မြေကလပ် ပီအက်စ်ဂျီကို ကိုင်တွယ်ဖို့ စိတ်ဝင်စားလာပြီး ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေနဲ့ ဇီဒန်းတို့ ကြားထဲမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း နာမည်ကျော် ပဲရစ်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ LePerisenက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။