ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ပေါ့ဘာကတော့ အသင်းကနေ ထွက်ခွာချင်နေပါတယ်။

Photo Credit: The Sun

လက်ရှိမှာ ပေါ့ဘာရဲ့ အေးဂျင့်တွေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ကြားမှာ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် ပြင်သစ် အခြေစိုက် သတင်းထောက်တွေရဲ့ အဆိုအရ ပေါ့ဘာရဲ့ အေးဂျင့်တွေဟာ ပေါ့ဘာအနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အနာဂတ် ဆက်မရှိနိုင်တော့ဘူးလို့ ယူဆနေကြောင်း သိရပါတယ်။

ယခုအချိန်မှာတော့ ပေါ့ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အမြောက်အမြား ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ပေါ့ဘာကသာ အသင်းနဲ့ စာချုပ်သစ် ထပ်မချုပ်တော့ဘူး ဆိုရင် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာပဲ ပေါ့ဘာကို ရောင်းချသွားဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: The Sun

နာမည်ကြီး ပြင်သစ် သတင်းဌာန တခု ဖြစ်တဲ့ Foot Mercato သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီ အသင်းရဲ့ ဥက္ကဌဖြစ်သူ အယ်ခါလိုင်ဖီနဲ့ အားကစား ဒါရိုက်တာ လီယိုနာဒိုတို့ဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ ပေါ့ဘာကို ခေါ်ယူဖို့ မျက်စိကျနေကာ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ပေါ့ဘာကို တိုက်ရိုက် ဆက်သွယ်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။

တဖက်မှာ ပေါ့ဘာကလည်း သူ့ရဲ့ ကစားသမားဘဝမှာ အလိုချင်ဆုံး ဆုဖလား ဖြစ်တဲ့ ဥရောပ ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းကို စွန့်ခွာချင်နေကာ မကြာခင်မှာပဲ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကို အသိပေးဖွယ် ရှိပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ပေါ့ဘာကို မဖြစ်မနေ ရောင်းချရမယ် ဆိုပါက ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း အထိ လိုချင်နေပါတယ်။