ပြင်သစ်လီဂူးဝမ်း ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဂျီက သူတို့အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဂယ်လ်တီယာနဲ့ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာပဲ လမ်းခွဲဖို့ ဆုံးဖြတ်ပြီးနောက် ဘိုင်ယန်မြူးနစ် နည်းပြဟောင်း နာဂယ်စမန်းကို ခေါ်ယူဖို့ ကြိုးစားလာကြောင်း ပြင်သစ်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပီအက်စ်ဂျီက ယခုနှစ် ဘောလုံးရာသီ အစကမှ နည်းပြဟောင်း ပိုချက်တီနိုနဲ့ လမ်းခွဲကာ လိုင်လီကို လီဂူးဝမ်း ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ ဂယ်လ်တီယာကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ထားခဲ့တာပါ။

Photo Credit: Football 365

ဒါပေမယ့် ဂယ်လ်တီယာရဲ့ လက်အောက်မှာ ပီအက်စ်ဂျီရဲ့ ကစားပုံက အတော်လေးကို လျော့တိလျော့ရဲ ဖြစ်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၁၆သင်းအဆင့် ကနေ ထွက်ခွာခဲ့ရတာကြောင့် ပီအက်စ်ဂျီရဲ့ ဘုတ်အဖွဲ့က ဂယ်လ်တီယာအပေါ် အယုံအကြည် မရှိတော့ပဲ ရာသီကုန်ချိန်မှာ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နာမည်ကြီး ပြင်သစ် သတင်းထောက် တဦး ဖြစ်သူ ဘူမာရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ ဂယ်လ်တီယာကို ရာသီကုန်ချိန်မှာ ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် နည်းပြသစ် အဖြစ် ဘိုင်ယန်မြူးနစ် နည်းပြဟောင်း နာဂယ်စမန်းကို ခန့်အပ်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

Photo Credit: Inside Sports

လက်ရှိမှာ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက နာဂယ်စမန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေတာကြောင့် ပီအက်စ်ဂျီက နာဂယ်စမန်းကို ခေါ်ယူနိုင်ဖို့ ချယ်လ်ဆီးနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

နာဂယ်စမန်းနဲ့ နီးစပ်သူတွေကတော့ နာဂယ်စမန်းဟာ သူ့ကို ကာလရှည် စာချုပ်တရပ်နဲ့ ကမ်းလှမ်းမယ့် အသင်းဆီသာ ပြောင်းဖို့ ဆုံးဖြတ်ထားသလို လာမယ့် နွေဈေးကွက် ရောက်မှပဲ အသင်းသစ်ကို စတင် ကိုင်တွယ်မယ်လို့ ပြောကြားထားကြပါတယ်။