ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီကတော့ မကြာသေးမီကပဲ ဝါရင့် အားကစားဒါရိုက်တာ ကန်ပို့စ်ကို အသင်းရဲ့ အားကစားဒါရိုက်တာ အသစ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် လာမယ့်ရာသီ အတွက် ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်ဖို့ အရှိန်မြှင့် ကြိုးပမ်းလာခဲ့ပြီး ပီအက်စ်ဂျီက ဘိုင်ယန်မြူးနစ် ကနေ ထွက်ခွာဖို့ တာစူနေတဲ့ ပိုလန် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်နေကြောင်း နာမည်ကြီး ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ပီအက်စ်ဂျီက မက်ဆီ ၊ နေမာ ၊ အမ်ဘာပေတို့လို့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် သူတို့သုံးဦးစလုံးဟာ အထောင်တိုက်စစ်မှူး အဖြစ် ကစားနိုင်စွမ်း မရှိတာကြောင့် တချို့ပွဲစဉ်တွေမှာ နည်းဗျူဟာပိုင်း အရ အပြောင်းအလဲ လုပ်ဖို့ အတော်လေးကို ခက်ခဲခဲ့ပြီး ပီအက်စ်ဂျီ အားကစားဒါရိုက်တာ အသစ် ကန်ပို့စ်က အဆိုပါ အားနည်းချက်ကို ဖာထေးနိုင်ဖို့ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာချင်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားထားတဲ့ လီဝမ်ဒေါစကီးကို ခေါ်ယူချင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် ၃၃နှစ် အရွယ် ပိုလန်ဂိုးသွင်းစက် ရော်ဘတ် လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်ရဲ့ မရှိမဖြစ် တိုက်စစ်မှူး ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့သလို အသင်းရဲ့ နည်းပြဖြစ်သူ နစ်ဂယ်စမန်းနဲ့လည်း ဆက်ဆံရေး မပြေလည်တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ ဘိုင်ယန်မြူးနစ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားသူပါ။

လက်ရှိမှာတော့ လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်ကို စွန့်ခွာပြီးရင် စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပေမယ့် ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းတွေကြောင့် လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ခက်ခဲနေပြီး အသင်းရဲ့ အဓိက ကစားသမား ၂ဦးခန့်ကို ရောင်းထုတ်ပြီးမှသာ လီဝမ်ဒေါစကီးကို ခေါ်ယူနိုင်မယ့် ဘဏ္ဍာရေး အခြေအနေကို ဖန်တီးနိုင်ဖို့ ရှိနေပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ပီအက်စ်ဂျီအနေနဲ့ လီဝမ်ဒေါစကီးကို ခေါ်ယူနိုင်မယ့် အခွင့်အလမ်းတွေကို ပိုင်ဆိုင်ထားကာ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူ တချို့က လီဝမ်ဒေါစကီးရဲ့ အေးဂျင့်ဖြစ်သူ ဇာဟာဗီထံ ဆက်သွယ်ပြီး သူတို့အနေနဲ့ လီဝမ်ဒေါစကီးကို ခေါ်ယူနိုင်ချေ ရှိ ၊ မရှိ မေးမြန်းခဲ့ကြောင်း နာမည်ကြီး ပြင်သစ် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ RMC Sports သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

လီဝမ်ဒေါစကီးကတော့ သူဟာ စပိန်မြေဆီသာ သွားရောက်ချင်ကြောင်း အတိအလင်း ဖွင့်ဟ ဝန်ခံထားပေမယ့် အကယ်၍ ဘာစီလိုနာကသာ သူ့ကို ခေါ်ယူနိုင်တဲ့ ဘဏ္ဍာရေး အခြေအနေ တခုကို မဖန်တီးနိုင်ခဲ့ရင် လီဝမ်ဒေါစကီးရဲ့ အသင်းသစ်က ပီအက်စ်ဂျီ ဖြစ်လာဖို့ အလားအလာ များပြားနေပါတယ်။