လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ မိုဟာမက်ဆာလာဟာ အသင်းနဲ့ ၂၀၂၃ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့် အသင်းဘက်ကနေ ကာလရှည် သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုသွားဖို့ ကမ်းလှမ်းမှုတွေ ပြလုပ်လာရာ တစ်ပတ်လုပ်ခအဖြစ် ပေါင်(၄)သိန်းအထိ အသင်းဘက်ကနေ ပေးချေသွားဖို့ တောင်းဆိုထားခဲ့တာကြောင့် သက်တမ်းတိုးမယ့် ကိစ္စက ရပ်တန့်နေခဲ့ရပြီး ဒီအခြေအနေကိုလည်း ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းကနေ စောင့်ကြည့်လျက် ရှိနေပါတယ်။

Photo Credit : Liverpool FC

အခုနှစ် နွေစျေးကွက်အတွင်းမှာ မက်ဆီ အပါအဝင် ထိပ်တန်းကစားသမားကောင်းများစွာကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ကီလီယန်အမ်ဘာပေကို စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်နေခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း အသင်းနဲ့ လမ်းခွဲဖို့ အသင့်ဖြစ်နေတဲ့အတွက် ဘာပေကို လက်လွတ်ရမယ်ဆိုရင် သူရဲ့နေရာမှာ ဆာလာနဲ့ ပြန်လည်အစားထိုးချင်နေတာ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေကနေ ဖော်ပြလာခဲ့ပါတယ်။ နာမည်ကျော် ဘောလုံးအပြောင်းအရွှေ့ ဂုရုကြီး ဖာဘရီဇီယိုရဲ့ ပြောဆိုချက်အရ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ ဇွန်လလောက်ကတည်းက ဆာလာကို ပစ်မှတ်ထားနေတာဖြစ်ပြီး အဲ့ဒီအချိန်မှာ ဘာပေသာ ရီးယဲလ်အသင်းဆီ သေချာပေါက် ရောက်ရှိသွားခဲ့ပါက ဆာလာကို အရခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Liverpool FC

အသက်(၂၉)နှစ်အရွှယ်ရှိ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလာဟာ ၂၀၁ရခုနှစ်ကမှ ရိုးမားအသင်းကနေ လီဗာပူးလ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၂၁၂)ပွဲအထိ ပါဝင်ကစားထားသလို သွင်းဂိုးစုစုပေါင်း (၁၃၄)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၆)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ ဆာလာဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကို တုံ့ပြန်ထားခြင်းမရှိသေးပဲ လက်ရှိ ရရှိနေတဲ့ တစ်ပတ်လုပ်ခ လစာ ပေါင်(၂)သိန်းဝန်းကျင်ကနေ အနည်းဆုံး (၃)သိန်း(၈)သောင်းအထိကို ရရှိချင်နေတာ ဖြစ်ပါတယ်။ တကယ်လို့ ဆာလာနဲ့ လီဗာပူးလ်အသင်းတို့ကြား စာချုပ်ကိစ္စ အဆင်မပြေမှု ရှိလာခဲ့မယ်ဆိုရင် ဘာပေကို လက်လွတ်ရတော့မယ့် ပီအက်စ်ဂျီအသင်းအပြင် တိုက်စစ်ကစားသမားတစ်ဦး လိုအပ်နေတဲ့ မန်စီးတီးအသင်းကပါ ဆာလာကို အပြိုင်ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းကတော့ အသင်းရဲ့ အဓိကအကျဆုံး ကစားသမားဖြစ်သူ ဆာလာကို အသင်းကနေ ရောင်းချဖို့ထက် အသင်းမှာပဲ ဆက်လက်ထားရှိနိုင်အောင်သာ ကြိုးပမ်းဖွယ်သာ ရှိနေပါတယ်။