ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ လတ်တလောမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ပြီး ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ယခုနှစ် ဘောလုံးရာသီရဲ့ ပြင်သစ် စူပါဖလားပြိုင်ပွဲမှာ လိုင်လီအသင်းကို အရေးနိမ့်ခဲ့သလို နောက်ဆုံး ကစားခဲ့တဲ့ ပြင်သစ်လီဂူး ပွဲစဉ်မှာလည်း ရန်းနက်စ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ နည်းပြပိုချက်တီနိုရဲ့ စွမ်းဆောင်ရည်တွေကို အနည်းငယ် သဘောမကျ ဖြစ်လာကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Express

အထူးသဖြင့် ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းရဲ့ ထိပ်သီး ကြယ်ပွင့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ကို အတွဲအဖက် မိအောင် စီမံနိုင်ခြင်း မရှိသေးသလို အနိုင်ရတဲ့ ပွဲစဉ်တွေမှာလည်း ကစားကွက်ပိုင်း အသာရတာထက် ကစားသမား တဦးချင်းစီရဲ့ စွမ်းဆောင်ရည်တွေကြောင့်သာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ပီအက်စ်ဂျီအသင်းရဲ့ တာဝန်ရှိသူတွေဟာ ပိုချက်တီနိုရဲ့ စွမ်းဆောင်ရည်တွေကို စောင့်ကြည့်နေပြီး အကယ်၍ ပိုချက်တီနိုကသာ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့ရဲ့ သုံးဦးတွဲ တိုက်စစ်ကို ထက်မြက်လာအောင် စွမ်းဆောင်နိုင်ခြင်း မရှိပါက ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ကာ ဇီဒန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စီစဉ်နေကြောင်း ပြင်သစ်လီဂူးပြိုင်ပွဲရဲ့ သတင်းတွေနဲ့ ပတ်သတ်ရင် စိတ်ချရတဲ့ Fichajes သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Photo Credit: Express

ရီးရဲလ်မက်ဒရစ်အသင်း ကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ဇီဒန်းက ပြင်သစ် လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို့ စောင့်ဆိုင်းနေသူ ဖြစ်ပေမယ့် အကယ်၍ ပီအက်စ်ဂျီအသင်းကသာ ကမ်းလှမ်းလာပါက ကမ်းလှမ်းမှုကို လက်ခံဖို့ အသင့် ရှိနေကြောင်း ဇီဒန်းနဲ့ နီးစပ်တဲ့ သတင်းထောက်တွေကလည်း အခိုင်အမာ ထုတ်ဖော် ပြောကြားထားကြပါတယ်။