ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ လီယိုနာဒို ကတော့ အသင်းရဲ့ အာဂျင်တီးနားလူမျိုး နည်းပြ ပိုချက်တီနိုဟာ အသင်းမှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးသည်အထိ ဆက်လက် ရှိနေမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားသွားပါတယ်။ အသက် ၄၉နှစ် အရွယ် အာဂျင်တီးနား လူမျိုး နည်းပြ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ပီအက်စ်ဂျီအသင်းကို စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ်စူပါဖလား ၊ ပြင်သစ်ဖလား တို့ကို အရယူထားနိုင်တဲ့ နည်းပြကောင်း တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အက်စ်ပန်ညိုအသင်း ၊ ဆောက်သမ်တန်အသင်း ၊ စပါးအသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းကို ရောက်ရှိမှ သူ့ရဲ့ နည်းပြဘဝ ပထမဦးဆုံး ဆုဖလားတွေကို အရယူနိုင်ခဲ့တာ ဖြစ်ပေမယ့် စပါးအသင်းကို ဖျက်မြင်းအဆင့် ကနေ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ ပို့ပေးနိုင်မှု ၊ သူ ကိုင်တွယ်တဲ့ အသင်းတိုင်းဟာ စွဲမက်ဖွယ် ကောင်းတဲ့ ကစားပုံကို ပိုင်ဆိုင်မှု စတဲ့ အချက်တွေကြောင့် ဥရောပရဲ့ ထိပ်တန်း နည်းပြတွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့်ပဲ လက်ရှိမှာ ပိုချက်တီနိုကို စပိန် အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အသင်းဟောင်း စပါးအသင်းတို့က နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်နေကြတာ ဖြစ်ပြီး ပိုချက်တီနိုကတော့ ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စား နေပါတယ်။

Photo Credit: Goal

ဒါပေမယ့် ပီအက်စ်ဂျီအသင်း ကတော့ ၂၀၂၃ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ရှိနေတဲ့ သူတို့အသင်းရဲ့ နည်းပြ ပိုချက်တီနိုကို အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ဆန္ဒမရှိဘူးလို့ တုန့်ပြန်ထားကာ ပိုချက်တီနိုကလည်း ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ချင်ပေမယ့် ပီအက်စ်ဂျီအသင်းရဲ့ သဘောထားကို လေးစားကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ယနေ့ မနက်ပိုင်းမှာတော့ ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာ ဖြစ်သူ လီယိုနာဒိုက ပိုချက်တီနိုရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ရှင်းလင်း ပြောကြား သွားပါတယ်။ လီယိုနာဒိုက – “ မော်ရီစီယို ပိုချက်တီနိုက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ် ၂နှစ် ရှိနေသေးသလို သူ အသင်းမှာ ရှိနေတာကို ကျွန်တော်တို့ဘက်က ကျေနပ် ပျော်ရွှင်ပါတယ်” လို့ ပြောကြား သွားတာပဲ ဖြစ်ပါတယ်။