ပြင်သစ် အင်အားကြီးအသင်း တစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ လာလီဂါ ထိပ်သီးအသင်း တစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် အဓိက နောက်ခံလူလည်း ဖြစ်တဲ့ ရာမို့စ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ စတင် ကြိုးစားနေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားပါတယ်။ အသက် ၃၄နှစ်အရွယ် စပိန်လက်ရွေးစင်အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ရဲ့ အသင်းခေါင်းဆောင် ရာမို့စ်ဟာ လာမယ့် ၂၀၂၁ ခုနှစ် ဇွန်လအကုန်မှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားဖြစ်ပြီး လက်ရှိမှာတော့ အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းဟာ သူ့ကို ခေါ်ယူဖို့ ချိတ်ဆက် နေပါတယ်။

Photo Credit: Marca

ရာမို့စ်ဟာ ကစားသမား တစ်ဦးအတွက် နောက်ဆုံးအချိန်လို့ ဆိုရမယ့် ကာလ အပိုင်းအခြားကို ရောက်ရှိ နေပေမယ့် လက်ရှိအချိန်မှာ သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ခြေစွမ်းဟာ အကောင်းဆုံး ပုံစံမှာ ရှိနေသေးတာကြောင့် အတွေ့အကြုံရင့် ဝါရင့် ခံစစ်မှူးတစ်ဦးကို ခေါ်ယူချင်နေတဲ့ ဥရောပ ထိပ်သီး အသင်းတွေ အတွက် ခေါ်ယူသင့်တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ ဥရောပ အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ လက်ရှိမှာ ဂျူဗင်တပ်အသင်းဟာ ရာမို့စ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ စတင် ပြုလုပ်ထားပေမယ့် ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာလည်း ရာမို့စ်ရဲ့ အေးဂျင့်ထံကို ကမ်းလှမ်းမှုတွေ ပြုလုပ် ထားကြောင်း သိရပါတယ်။

Photo Credit: Marca

နာမည်ကြီး ရုပ်သံလိုင်းတစ်ခု ဖြစ်တဲ့ El Chiringuito ရုပ်သံလိုင်းရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ရာမို့စ်ကို ခေါ်ယူဖို့ အတွက် အပြိုင်အဆိုင် ကြိုးစားနေကြပြီး ရာမို့စ်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးနိုင်မယ့် ကာလဖြစ်တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကို ရောက်ရင်တော့ ရာမို့စ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ တရားဝင် ဆွေးနွေးမယ် လို့ သိရှိ ရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းကတော့ ရာမို့စ်ကို စာချုပ်သစ် ကမ်းလှမ်းခြင်း မရှိသေးပဲ စာချုပ်သစ်အတွက် ကမ်းလှမ်းလာရင်တောင် ရာမို့စ်ရဲ့ လုပ်ခလစာဟာ လျော့နည်းသွားမှာ ဖြစ်တာကြောင့် ရာမို့စ်ဟာ အသင်းသစ် တစ်သင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားနေကြောင်း မက်ဒရစ်မြို့ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဆိုထားကြပါတယ်။