ပြင်သစ်အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ် မက်ဒရစ်အသင်း ကနေ ထွက်ခွာထားပြီး လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဝါရင့် စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၃၅နှစ် အရွယ် ဝါရင့် နောက်ခံလူ ဆာဂျီယို ရာမို့စ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ရီးရဲလ်မက်ဒရစ်အသင်း ကနေ မထင်မှတ်ပဲ ထွက်ခွာခဲ့ရသူ တဦး ဖြစ်ပြီး လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပါတယ်။

Photo Credit: 90 Min

ရာမို့စ်ဟာ အသင်းသစ်မှာ တပတ်လုပ်ခလစာ ယူရို ၂သိန်း အထိ ရချင်နေသလို သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ၂နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းရမယ်လို့ ရာမို့စ်က သတ်မှတ်ထားပြီး လက်ရှိမှာတော့ သူ လိုချင်တဲ့ လုပ်ခလစာကို ပေးချေနိုင်တဲ့ အသင်းဟာ ၂သင်းသာ ရှိနေကာ အဆိုပါအသင်းတွေ ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရရှိမယ့် ရာမို့စ်ထက် ရာမို့စ်ရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ ဗာရန်းကိုသာ ခေါ်ယူဖို့ ဦးစားပေး စီစဉ်နေတာကြောင့် ပီအက်စ်ဂျီအသင်းဟာ ရာမို့စ်ကို တဦးထဲ ခေါ်ယူခွင့် ရရှိထားပြီး လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့ ရာမို့စ်ရဲ့ အေးဂျင့်တွေကြားမှာ ဆွေးနွေးမှုတွေ ရှိနေကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: 90 Min

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခုဖြစ်တဲ့ AS သတင်းဌာနရဲ့ အဆိုအရ ရာမို့စ်အတွက် မန်ချက်စတာ ယူနိုက်တက်အသင်း ၊ မန်ချက်စတာ စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့က အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် မန်ချက်စတာ မြို့ခံနှစ်သင်းရဲ့ ကမ်းလှမ်းမှုတွေထက် ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုဟာ များစွာ ပိုမို သာလွန်နေကြောင်း သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဥရောပ ချန်ပီယံလိဂ်ကို ငမ်းငမ်းတက် လိုချင်နေတဲ့ အသင်းတသင်း ဖြစ်တာကြောင့် အသင်းဆီ ဦးဆောင်မှုတွေ ၊ အတွေ့အကြုံတွေ ယူလာပေးနိုင်တဲ့ ရာမို့စ်ဟာ သူတို့အသင်းအတွက် အကောင်းမွန်ဆုံး ခေါ်ယူမှု ဖြစ်လာနိုင်ကြောင်း နားလည် ထားတာကြောင့် ရာမို့စ်ကို ခေါ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေသလို ရာမို့စ်ကလည်း အောင်မြင်မှုတွေ ထပ်မံ ရရှိဖို့ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ချင်နေကြောင်း ပြင်သစ် အခြေစိုက် သတင်းထောက်တွေ ကတော့ ပြောကြားထားပါတယ်။