ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက ဘရာဇီးလ်ကလပ် ကိုရင်သီယန်ရဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် မိုစကာဒိုကို ခေါ်ယူနိုင်ဖို့ အလွန် နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ မိုစကာဒိုက ကွင်းလယ်ခံစစ် နေရာမှာ အဓိက ကစားလေ့ ရှိပြီး သူက ဘရာဇီးလ် ယူ-၂၃ လက်ရွေးစင် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Goal

မိုစကာဒိုက ကိုရင်သီယန်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား ဖြစ်ပြီး သူက ကိုရင်သီယန် အတွက် ယခုနှစ် ဘောလုံးရာသီမှာ ၂၉ပွဲ အထိ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ်ပါ ရရှိထားပါတယ်။

မိုစကာဒိုက ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်တာကြောင့် ပြိုင်ဘက်တွေဆီကနေ ဘောလုံးလုယူတာ ကောင်းသလို ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို တားဆီးရာမှာလည်း ထူးချွန်ပြီး သူက လိုအပ်ရင် ပြိုင်ဘက်ကိုပါ လိမ်ခေါက် ဖြတ်ကျော်နိုင်စွမ်း ရှိတာကြောင့် အနာဂတ်မှာ ထူးချွန်လာမယ့် လူငယ်ကစားသမား အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီက မိုစကာဒိုကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေတာ ဖြစ်ပြီး မိုစကာဒိုကလည်း သူ့ရဲ့ ကစားသမား ဘဝကို တဆင့် မြှင့်ဖို့ အတွက် ပီအက်စ်ဂျီထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက မိုစကာဒိုကို ခေါ်ယူဖို့ အတွက် ကိုရင်သီယန်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေရာ သဘောတူညီမှု ရဖို့ အတော်လေး နီးစပ်နေပြီး ပီအက်စ်ဂျီဟာ မိုစကာဒိုအတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၂၂သန်း + အပိုဆုကြေး ယူရို ၁သန်း ပေးချေရမယ်လို့ သိရပါတယ်။