ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ မိုနာကိုကနေ ပီအက်စ်ဂျီထံ ဆယ်ကျော်သက် ကစားသမား တဦး အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက်နိုင်မယ့် ကစားသမား အဖြစ် ထင်ကြေးပေးခံထားရပါတယ်။

Photo Credit: Marca

အမ်ဘာပေဟာ ယခုနှစ် ဘောလုံးရာသီမှာလည်း ပီအက်စ်ဂျီ အတွက် မရှိမဖြစ် တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ထုတ်ပြထားပေမယ့် သူနဲ့ ပီအက်စ်ဂျီရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေကာ အမ်ဘာပေရဲ့ အနာဂတ်ကလည်း မရေမရာ ဖြစ်နေပါတယ်။

လက်ရှိမှာတော့ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချဉ်းကပ်နေပြီး ပီအက်စ်ဂျီကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေကို လက်မလွှတ်ရစေဖို့နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ လုပ်ခလစာ အမြောက်အမြား ပေးချေခြင်း ၊ အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ခြင်း စတဲ့ အခွင့်အရေးတွေ ပေးကာ စာချုပ်သစ် ကမ်းလှမ်းထားပါတယ်။

Photo Credit: Marca

ကနဦးမှာ အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ထက် ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းရွှေ့ဖို့ အာသီသ ရှိခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ဘက်က သူ့အပြင် ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုပါ ခေါ်ယူဖို့ ကြိုးစားလာပြီးနောက် အမ်ဘာပေက ဟာလန်းနဲ့ အတူတကွ တွဲဖက် ကစားလိုစိတ် မရှိတာကြောင့် ပီအက်စ်ဂျီမှာ ဆက်နေဖို့ စတင် စဉ်းစားလာခဲ့တာပါ။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ အမ်ဘာပေရဲ့ အေးဂျင့်နဲ့ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေ ကြားမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်နေခဲ့ရာ လက်ရှိအချိန်မှာ အမ်ဘာပေက ပီအက်စ်ဂျီမှာ ဆက်နေဖို့ အခွင့်အလမ်း ပိုမို များပြားလာပြီး ပီအက်စ်ဂျီဘက်က အမ်ဘာပေကို အနိမ့်ဆုံး ၂နှစ် သက်တမ်း ရှိတဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။