ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ အီတလီ စီးရီးအေ နာမည်ကြီးကလပ် အေစီမီလန်အသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရထားတဲ့ အီတလီ လက်ရွေးစင်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒွန်နာရမ်မာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မှာ ဖြစ်ကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာန အားလုံးက ဖော်ပြသွားကြပါတယ်။ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ အီတလီ လက်ရွေးစင် ဂိုးသမား ဒွန်နာရမ်မာဟာ လက်ရှိမှာ စီးရီးအေရဲ့ အကောင်းဆုံး ဂိုးသမားတဦး အဖြစ် သတ်မှတ်ခံထားရသလို ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ၁၀ဦးစာရင်းထဲမှာလည်း ပါဝင်တာကြောင့် သူ့လို ကစားသမားမျိုးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့် ရှိတာဟာ အတော်လေးကို ကောင်းမွန်ပါတယ်။

Photo Credit: The Sun

ဒွန်နာရမ်မာဟာ အေစီမီလန်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ဂိုးသမားတဦး ဖြစ်သလို လက်ရှိမှာလည်း အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားပေမယ့် အသင်းရဲ့ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း မရှိတဲ့ အနေအထားကြောင့် စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့သူပါ။ ကနဦးမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ဒွန်နာရမ်မာကို ခေါ်ယူဖို့ စပိန် လာလီဂါ နာမည်ကြီးကလပ် ဘာစီလိုနာအသင်း ၊ အီတလီ စီးရီးအေ နာမည်ကြီးကလပ် ဂျူဗင်တပ်အသင်းတို့က စိတ်ဝင်စားခဲ့ကြပေမယ့် ဒွန်နာရမ်မာရဲ့ မြင့်မားတဲ့ လုပ်ခလစာကို ပေးချေဖို့ လက်တွန့်နေတာကြောင့် ပီအက်စ်ဂျီ အသင်းဟာ ဒွန်နာရမ်မာကို တသင်းထဲ လွတ်လွတ်ကျွတ်ကျွတ် ခေါ်ယူခွင့် ရခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒွန်နာရမ်မာဟာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေသလို ဆွေးနွေးမှုတွေဟာလည်း မကြာခင်မှာ ပြီးပြတ်ဖွယ် ရှိကြောင်း သိရပါတယ်။ နာမည်ကြီး သတင်းထောက်ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကတော့ ပီအက်စ်ဂျီအသင်းဟာ ဒွန်နာရမ်မာကို တနှစ်လုပ်ခလစာ ယူရို ၁၂သန်း + အပိုဆုကြေးတွေနဲ့ ၂၀၂၆ခုနှစ် အထိ ၅နှစ် သက်တမ်းရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုနိုင်တော့မှာ ဖြစ်ကာ ပီအက်စ်ဂျီအသင်းဟာ ယူရို ၂၀၂၀ပြိုင်ပွဲဝင် အီတလီအသင်းနဲ့ အတူ ရှိနေတဲ့ ဒွန်နာရမ်မာကို အီတလီနိုင်ငံမှာပဲ ဆေးစစ်ဖို့ စီစဉ်ထားကြောင်းနဲ့ မကြာခင်မှာ ဒွန်နာရမ်မာကို ခေါ်ယူနိုင်ခဲ့တဲ့ အကြောင်းကို ကြေညာဖွယ် ရှိကြောင်း ယနေ့မနက် အစောပိုင်းမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။