MySport Myanmar

ဗလင်စီယာအသင်းခေါင်းဆောင် ဆိုလာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ပီအက်စ်ဂျီ

ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီက သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ ကွင်းလယ်ပိုင်း အတွက် ဗလင်စီယာ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဆိုလာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ COPE သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ပီအက်စ်ဂျီက ယခု နွေဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းကို အလုံးစုံ ပြုပြင် ပြောင်းလဲဖို့ ဆုံးဖြတ်ထားပြီး ဟာရဲယားနဲ့ ဝစ်နယ်ဒန်တို့ကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့သလို ဂူယီ ၊ ပါရီဒက်စ် စတဲ့ ကစားသမားတွေကိုလည်း ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Standard

တဖက်မှာတော့ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ရီနာတို ဆန်းချက်စ်ကို ပြန်လည် ခေါ်ယူထားသလို နာပိုလီ ကွင်းလယ်လူ ဖေဘီယန်ကိုလည်း ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး ဖေဘီယန်ဟာ မကြာခင်မှာပဲ ပီအက်စ်ဂျီရဲ့ ကစားသမားသစ် ဖြစ်လာပါတော့မယ်။

ဒါကြောင့် ပီအက်စ်ဂျီက သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် နောက်ထပ် ကွင်းလယ်လူ တဦးကိုသာ ထပ်မံ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး လက်ရှိမှာတော့ ပီအက်စ်ဂျီဟာ ဗလင်စီယာ အသင်းခေါင်းဆောင် ကွင်းလယ်လူ ကားလို့စ် ဆိုလာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။

Photo Credit: Standard

နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ COPE သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ဆိုလာကို ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းနဲ့ ၁၇သန်းကြား ရှိတဲ့ ပမာဏ တရပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ပြီး ဆိုလာဟာ လာမယ့် နာရီပိုင်း အတွင်းမှာပဲ ပီအက်စ်ဂျီနဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ အတွက် ပြင်သစ်နိုင်ငံဆီ သွားရောက်ဖွယ် ရှိနေကြောင်း သိရပါတယ်။

အသက် ၂၅နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ ကားလို့စ် ဆိုလာက ဗဟိုကွင်းလယ်နဲ့ ညာတောင်ပံ နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူဟာ ဗလင်စီယာနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Exit mobile version