ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီတို့က လာမယ့် နွေဈေးကွက် အတွင်းမှာ စပို့တင်း လစ္စဘွန်း ကနေ ထွက်ခွာဖို့ သေချာနေတဲ့ ကွင်းလယ်လူ ယူဂါတီကို ခေါ်ယူရန် အပြိုင်အဆိုင် ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၂၂နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ယူဂါတီက ယခုနှစ် ဘောလုံးရာသီမှာ စပို့တင်း လစ္စဘွန်းရဲ့ ကွင်းလယ်ပိုင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး သူက ပေါ်တူဂီလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ အဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit: Football Transfer

ကွင်းလယ်ခံစစ် နေရာမှာ ကစားလေ့ ရှိတဲ့ ယူဂါတီက ကွင်းလယ်ခံစစ် အပြင် ဗဟိုကွင်းလယ်လူ အဖြစ်ပါ ပြောင်းလဲ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ စပို့တင်း လစ္စဘွန်း အတွက် ပြိုင်ပွဲစုံမှာ ၄၇ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။

ယူဂါတီက စပို့တင်း လစ္စဘွန်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့်ပဲ ဥရောပရဲ့ အင်အားကြီး အသင်းတွေ ဖြစ်ကြတဲ့ ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးတို့က ယူဂါတီကို ခေါ်ယူဖို့ ကြိုးစားနေကြတာ ဖြစ်ပြီး ယူဂါတီရဲ့ အေးဂျင့်တွေကလည်း သူတို့ရဲ့ ကစားသမားဟာ လာမယ့် နွေဈေးကွက် အတွင်းမှာ စပို့တင်း လစ္စဘွန်း ကနေ ထွက်ခွာမယ့် အကြောင်း အတည်ပြုထားပါတယ်။

Photo Credit: Football Transfer

ယူဂါတီက စပို့တင်း လစ္စဘွန်းနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ် ချုပ်ထားသူ ဖြစ်ပေမယ့် သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၆၀သန်းသာ ရှိတာကြောင့် သူ့ကို ခေါ်ယူချင်နေတဲ့ ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးတို့က ယူရို ၆၀သန်း ပေးချေရုံနဲ့ ယူဂါတီကို အလွယ်တကူ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီတို့က ယူဂါတီကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေကြပြီး ပီအက်စ်ဂျီက ယူဂါတီ အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို ၆၀သန်းကို မပေးချေချင်ပေမယ့် ယူရို ၆၀သန်းတန် ကမ်းလှမ်းမှု တရပ် (ကနဦး ပြောင်းရွှေ့ကြေး + အပိုဆုကြေး = ၆၀သန်း) ပြုလုပ်ဖို့ စီစဉ်နေသလို ချယ်လ်ဆီးကလည်း ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှု အတိုင်း လိုက်လံ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။