ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါပြီ။

ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာအသင်း ကနေ အမှတ်မထင် ထွက်ခွာခဲ့ရတဲ့ မက်ဆီကို ခေါ်ယူဖို့ အတွက် မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့စ်မက်ဆီနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မက်ဆီကို ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ကမ်းလှမ်းထားကြောင်း နာမည်ကြီး သတင်းဌာန အများစုက ဆိုပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းနဲ့ မက်ဆီရဲ့ ကိုယ်စားလှယ်တွေကြားမှာ အပြောင်းအရွှေ့ အတွက် နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ပြင်သစ် အခြေစိုက် သတင်းဌာနတွေ ကတော့ ပီအက်စ်ဂျီ အသင်းဟာ မက်ဆီရဲ့ အပြောင်းအရွှေ့ကို ကြေညာဖို့ အတွက် ပြင်သစ်နိုင်ငံရဲ့ အထင်ကရ သင်္ကေတ တခု ဖြစ်တဲ့ အီဖယ်မျှော်စင်ကိုတောင် ငှားထားကြောင်း ဖော်ပြနေပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ အီဖယ်မျှော်စင် တခုလုံးကို ဩဂုတ်လ ၁၀ရက်နေ့ အတွက် ငှားရမ်းထားပြီး အဆိုပါ ငှားရမ်းမှုဟာ မက်ဆီရဲ့ အပြောင်းအရွှေ့ကို ကြေညာဖို့ အတွက် ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Goal

 

ပီအက်စ်ဂျီအသင်းဟာ ဘရာဇီးလ် တိုက်စစ်မှူး နေမာကို ဘာစီလိုနာအသင်း ကနေ ပြောင်းရွှေ့ကြေး ယူရို သန်း၂၀၀ကျော် ပေးချေကာ ခေါ်ယူနိုင်ခဲ့ပြီးနောက် နေမာရဲ့ အပြောင်းအရွှေ့ အတွက် ကြေညာမှုကို အီဖယ်မျှော်စင်မှာ ပြုလုပ်ခဲ့ပြီး ယခု မက်ဆီရဲ့ အပြောင်းအရွှေ့မှာလည်း အီဖယ်မျှော်စင်ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ အီဖယ်မျှော်စင် တည်ရှိရာ ပဲရစ်မြို့ရဲ့ မြို့ခံအသင်း တသင်း ဖြစ်ပြီး ယခုလို နာမည်ကြီး အပြောင်းအရွှေ့တွေကို အီဖယ်မျှော်စင်အား အသုံးပြုကာ ကြေညာခြင်းဟာ မြို့ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ခြင်း တမျိုး ဖြစ်ကြောင်း ပီအက်စ်ဂျီအသင်းရဲ့ ပရိသတ်တွေက ချီးကျူးနေကြပါတယ်။