ဒီနေ့ညမှာတော့ ကိုပါအီတလီယာ စပိန်ကိုပါဒယ်ရေးပြိုင်ပွဲတွေနဲ့အတူ ပြင်သစ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုလည်း ကျင်းပသွားခဲ့ပြီး နာမည်ကြီးပီအက်စ်ဂျီအသင်းက ဒီယွန်းကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူခဲ့သလို ပြင်သစ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေထဲက စိတ်ဝင်စားစရာအကောင်းဆုံးပွဲဖြစ်တဲ ့ လိုင်ယွန်နဲ့ မာဆေးလ်အသင်းတို့ပွဲမှာတော့ လိုင်ယွန်က တစ်ဂိုးတည်းကပ်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ပါတယ်။

Photo Credit : Getty Images

လီဂူးချန်ပီယံ ပီအက်စ်ဂျီက လီဂူးမှာပဲ တန်းဆင်းဇုန်နားကပ်နေတဲ့ ဒီယွန်းအသင်းကို အဝေးကွင်းမှာ သက်တောင့်သက်သာနဲ့ ကစားသွားခဲ့ပြီး ၁ဂိုး၆ဂိုးနဲ့ အပြတ်အသတ်ကို အနိုင်ယူခဲ့ပါတယ်။ ကာဗာနီ ဘာပေ ဆာရာဘီယား ဟာရဲရား ဒရက်ဇ်လာ သီယာဂိုဆေးဗားတို့လို အမာခံကစားသမားတွေကို ထည့်သွင်းလာခဲ့တဲ့ ပီအက်စ်ဂျီဟာ ပထမပိုင်းမှာတော့ ၁ဂိုး၂ဂိုးနဲ့ပဲ ဦးဆောင်ထားခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ သွင်းဂိုး၄ဂိုးထိ ထပ်မံပိုင်ဆိုင်ခဲ့လို့ အခုလို ဂိုးပြတ်အောင်ပွဲခံခဲ့နိုင်တာဖြစ်ပါတယ်။ သွင်းဂိုးတွေကိုတော့ ဆာရာဘီယားက ၂ဂိုး ဘာပေက ၁ဂိုး ဆေးဗားက ၁ဂိုးနဲ့ ဒီယွန်းဘက်က Own Goal က ၂ဂိုး အသီးသီး သွင်းယူခဲ့ကြတာဖြစ်ပါတယ်။

Photo Credit : letelegramme

ကွာတားဖိုင်နယ်ရဲ့ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ လိုင်ယွန်နဲ့မာဆေးလ်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ အပြန်အလှန် ဖိအားပေးကစားမှုတွေ ရှိခဲ့လို့ စိတ်ဝင်စားစရာကောင်းခဲ့ပေမယ့် နှစ်သင်းလုံးရဲ့တိုက်စစ်ပိုင်းကတော့ တစ်ပွဲလုံးအတိုင်းအတာနဲ့ ယှဉ်ကြည့်မယ်ဆိုရင် နှစ်သင်းပေါင်းကိုမှ ဂိုးပေါက်တည့်ကန်ချက် ၃ကြိမ်ပဲ ရှိခဲ့တာဖြစ်လို့ ဒီပမာဏက ဒီလိုအသင်းကြီးနှစ်သင်းအတွက် စိတ်ပျက်စရာကောင်းပါတယ်။ အနိုင်ရခဲ့တဲ့ လိုင်ယွန်ဆိုရင် ဒီပွဲရဲ့တစ်လုံးတည်းသော ဂိုးပေါက်တည့်မှုကနေ ရရှိခဲ့တဲ့ သွင်းဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ကွင်းလယ်လူ အော်ယာက သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးမတိုင်ခင် ရရှိခဲ့တဲ့ ပင်နယ်တီကို ဒမ်ဘီလီကန်သွင်းခဲ့ရာမှာတော့ မာဆေးလ်ဂိုးသမားကာကွယ်နိုင်ခဲ့ပါတယ်။