မကြာခင်မှာ ပြည်တွင်းရှုံးထွက်ဖလားပြိုင်ပွဲတွေရဲ့ ဖိုင်နယ်ပွဲတွေ ပြင်သစ်လီဂူးပွဲတွေနဲ့ ချန်ပီယံလိဂ်ပွဲတွေကိုပါ ဆက်တိုက်ဆင်နွဲသွားရတော့မယ့် ပီအက်စ်ဂျီအသင်းဟာ ဒီနေ့ညမှာတော့ နာမည်ကြီး စကော့တလန် ကလပ်အသင်းဖြစ်တဲ့ ဆဲလ်တစ်အသင်းမှာ ခြေစမ်းပွဲအဖြစ် ယှဥ်ပြိုင်ကစားခဲ့ရာ ခြေစွမ်းပြသနိုင်ခဲ့ပြီး (၄)ဂိုးနဲ့ ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit : Getty Image

ပီအက်စ်ဂျီအသင်းကတော့ မကြာခင်မှာပဲ ပွဲစဥ်တွေများစွာကို ဆက်လက်ကစားရမှာဖြစ်လို့ ခြေစမ်းပွဲဆိုပေမယ့် လူစုံနီးပါးနဲ့ပွဲထွက်လာခဲ့ကာ နေမာ ဘာပေ အီကာဒီ ဒီမာရီယာ ပါရီဒက်စ် သီယာဂိုဆေးဗား နာဗက်စ်တို့လို အဓိက ကစားသမားတွေ အစုံအလင် ပါဝင်လာခဲ့ပါတယ်။ ပွဲအစပိုင်းကတည်းက အိမ်ရှင်ပီအက်စ်ဂျီက ဖိအားပေးတိုက်စစ်ဆင် ကစားနိုင်ခဲ့ကာ ပွဲအစတစ်မိနစ်မှာပဲ ဘာပေက အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့သလို ဘာပေရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ နေမာကလည်း (၂၅)မိနစ်မှာ ဒုတိယဂိုးကို ဆက်လက်သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ပီအက်စ်ဂျီက တစ်သင်းလုံးကို လူစားလဲခဲ့ပြီး ကင်ဘာပေ ကာဇာဝါ ဆာရာဘီယာ ဟာရဲရား ဒရက်ဇ်လာ ချူပိုမိုတင်းတို့ ပါဝင်လာခဲ့ကြပြီး ဒုတိယပိုင်းစတင်ပြီး (၃)မိနစ်အကြာမှာပဲ ကွင်းလယ်လူဟာရဲရားက တတိယဂိုးကို သွင်းယူခဲ့သလို (၆၇)မိနစ်မှာလည်း ဆာရာဘီယာကပါ စတုတ္ထဂိုတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။