MySport Myanmar

ဗင်နီစီယပ်စ်ကို ရီးယဲလ်နဲ့ သက်တမ်းမတိုးဖို့ ပီအက်စ်ဂျီအသင်း တောင်းဆိုမှု ပြုလုပ်ခဲ့

ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သူ ဗင်နီစီယပ်စ်ဂျူနီယာကို ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခြင်း မပြုလုပ်ဖို့အတွက် လွန်ခဲ့တဲ့(၇)လခန့်ကတည်းက တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် ဗင်နီစီယပ်စ်အတွက်လည်း တစ်နှစ်လုပ်ခ ပေါင်(၃၄)သန်းလောက်အထိ ပေးချေသွားမယ်ဆိုပြီးပါ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ စပိန်နာမည်ကျော် သတင်းစာ Marca ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၁)နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်ကစားသမားလေး ဗင်နီစီယပ်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ရီးယဲလ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း အသင်းရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ရီးယဲလ်နဲ့အတူ ချန်ပီယံလိဂ် လာလီဂါချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ပြီး သွင်းဂိုး(၂၂)ဂိုး ဂိုးဖန်တီးမှု အကြိမ်(၂၀)ထိ စွမ်းဆောင်နိုင်ခဲ့တဲ့ ဗင်နီစီယပ်စ်ဟာ ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်း (၂)နှစ်အထိ ကျန်ရှိနေသေးပေမယ့် လက်ရှိမှာ ကာလရှည်စာချုပ် ချုပ်ဆိုဖို့အတွက် အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Photo Credit : El Futbolero

ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလခန့်ကတော့ ပီအက်စ်ဂျီအသင်းဘက်က ဗင်နီစီယပ်စ်ကို သူတို့အသင်းဆီ ရောက်ရှိလာနိုင်အောင် ကြိုးပမ်းတဲ့အနေနဲ့ ရီးယဲလ်အသင်းနဲ့ ဆက်လက် သက်တမ်းမတိုးဖို့ တောင်းဆိုခဲ့တဲ့အပြင် ပီအက်စ်ဂျီကိုသာ ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် တစ်နှစ်လုပ်ခအတွက် ပေါင်(၃၄.၃)သန်းအထိ ခံစားခွင့်ပေးမယ်ဆိုတဲ့ မက်မောလောက်စရာ ကမ်းလှမ်းချက်နဲ့ပါ ကမ်းလှမ်းခဲ့တယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။ ဒီလို တအား မက်မောလောက်စရာ လုပ်ခလစာမျိုးအပြင် နောက်ထပ် မြင့်မားလွန်းလှတဲ့ အပိုဆုကြေးတွေနဲ့ ကာတာနိုင်ငံအတွင်း စီးပွားရေး အခွင့်အလမ်းတွေနဲ့ပါ ဗင်နီစီယပ်စ်ကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီအချိန်တုန်းက ဗင်နီစီယပ်စ်ကို ပီအက်စ်ဂျီအသင်းနည်းတူ ချယ်လ်ဆီး လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကလည်း ဗင်နီစီယပ်စ်ကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားကြပါသေးတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ရီးယဲလ်ဘက်က ဗင်နီစီယပ်စ်ကို ၂၀၂၆ ဒါမှမဟုတ် ၂၀၂၇ခုနှစ်အထိ သက်တမ်းတိုးသွားဖို့ အစီအစဉ်ရှိနေပြီး စာချုပ်ဖျက်သိမ်းကိုလည်း ပေါင်သန်း(၈၇၀)ထိကို သတ်မှတ်သွားဖို့ပါ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Exit mobile version