လီဗာပူး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့မှာ ကစားခဲ့ဖူးတဲ့ နာမည်ကျော် အင်္ဂလန် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင် ကတော့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းဟာ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ခေါ်ယူပြီးနောက် အင်အား ကောင်းရမယ့် အစား ပိုပြီး အင်အားနည်းသွားတယ်လို့ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီကို ဘာစီလိုနာအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် မက်ဆီ ၊ နေမာ ၊ အမ်ဘာပေ ဆိုတဲ့ MNMတိုက်စစ်အတွဲကြောင့် ယခုနှစ်ရဲ့ ဥရောပ ချန်ပီယံလိဂ်ဖလားကို ဗိုလ်စွဲနိုင်ဖို့ ရေပန်းစားနေပါတယ်။

Photo Credit: The Athletic

ဒါပေမယ့် ယနေ့မနက်မှာ ကစားခဲ့တဲ့ ဘရုဂေးအသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာတော့ ပီအက်စ်ဂျီရဲ့ နာမည်ကျော် MNMတိုက်စစ်အတွဲဟာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဘရုဂေးအသင်းက ပိုကောင်းတဲ့ အသင်းတသင်း ဖြစ်ခဲ့ပါတယ်။

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ အိုဝင်က ပီအက်စ်ဂျီအသင်းဟာ မက်ဆီကို ခေါ်ယူပြီးနောက် ထိပ်တန်း တိုက်စစ်မှူး သုံးဦးကို ပိုင်ဆိုင်ခဲ့ပေမယ့် မက်ဆီ ပါဝင်လာတဲ့ သုံးဦးပေါင်း တိုက်စစ်အတွဲဟာ နေမာနဲ့ အမ်ဘာပေတို့ရဲ့ ယခင်နှစ်က တိုက်စစ်အတွဲထက် ပိုပြီး အားနည်းနေကြောင်း ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: The Athletic

အိုဝင်က – “ကျွန်တော်တို့က ပီအက်စ်ဂျီအသင်းရဲ့ ထိပ်တန်း သုံးဦးတွဲ တိုက်စစ်ကို ကြည့်ဖို့ မစောင့်နိုင်အောင် ဖြစ်ခဲ့ကြပါတယ်။ သူတို့ သုံးဦးစလုံးက (မက်ဆီ ၊ နေမာ ၊ အမ်ဘာပေ) တယောက်ချင်းစီ ဆိုရင် ကောင်းကြပါတယ်။ ဒါပေမယ့် သူတို့သုံးယောက် ပေါင်းလိုက်တဲ့ အချိန်မှာတော့ အတော်လေးကို အားနည်းသွားတယ်လို့ ခံစားရပါတယ်။ ပီအက်စ်ဂျီအသင်းက ဘာလို့ ချန်ပီယံလိဂ် ဆုဖလား အတွက် ရေပန်းအစားဆုံး ဖြစ်နေလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် အင်္ဂလန်အသင်းတွေက သူတို့ထက် အများကြီး ပိုကောင်းပါတယ်” လို့ ဝေဖန် သုံးသပ်ခဲ့တာပဲ ဖြစ်ပါတယ်။